တူနီးရှား တိုက်ခိုက်မှု IS လက်ချက် ဟုတ်မဟုတ် အမေရိကန် စစ်ဆေးနေ

  • 20 မတ် 2015
ဓာတ်ပုံ မူပိုင်
Image caption မြို့ကြီးတွေမှာ အခုအခါ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထား

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တူနီးရှား နိုင်ငံက ပြတိုက်တခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ IS အစ္စလာမစ် နိုင်ငံ အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အတည်ပြုနိုင်စွမ်း မရှိသေးဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။

ဒါပေမယ့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကို တိုက်ခိုက်ခဲ့မှုဟာ IS အဖွဲ့ အရင်က လုပ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆင်တူနေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောပါတယ်။

IS အဖွဲ့ ဘက်ကနေ တိုက်ပွဲဝင်ဖို့အတွက် တူနီးရှားနိုင်ငံသား အတော်များများ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေဆီ သွားခဲ့ကြတယ်လို့ သိရပါတယ်။

အခုအခါ တချို့ ပြန်လာကြပြီ ဖြစ်ရာမှာ တူနီးရှား ထောက်လှမ်းရေး အဖွဲ့အနေနဲ့ အဲဒီလူတွေကို ထိထိရောက်ရောက် စောင့်ကြည့်လေ့လာနိုင်စွမ်း ရှိမရှိ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဓိက မြို့ကြီးတွေမှာ အခုအခါ လုံခြုံရေးတွေ တိုးချထားပြီး လူ ၉ဦးကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးထားပါတယ်။

တူနီးရှားကို အကူအညီပေးမယ်လို့ အမေရိကန် အစိုးရက ကမ်းလှမ်းထားပါတယ်။