လီ​ကွမ်​ယု ကွယ်​လွန်​ပြီ

_lee_kuan_yew ဓာတ်ပုံ မူပိုင်
Image caption လီကွမ်းယု ဟာ စင်္ကာပူ တိုးတက်လာ ရခြင်း အဆွက် လေးစား ခံခဲ့ရသလို၊ အတိုက်အခံ တို့ကို နှိပ်ကွပ် သူ တစ်ယောက် အဖြစ်လည်း အဝေဖန် ခံခဲ့ရသူ တစ်ဦး ဖြစ်ပါတယ်။

စင်္ကာပူ နိုင်ငံကို ဆိပ်ကမ်းမြို့လေး အဖြစ်ကနေ ကြွယ်ဝတဲ့ ကမ္ဘာ့စီးပွားရေး အချက်အချာ အဖြစ် ပြောင်းလဲ ပေးခဲ့သူ လီကွမ်ယု အသက် ၉၁ နှစ် အရွယ် မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

မစ္စတာလီ ဟာ စင်္ကာပူ မြို့ပြ နိုင်ငံ ရဲ့ ဝန်ကြီးချုပ် အဖြစ် ၃၁ နှစ် တိုင်တိုင် ထမ်းရွက် ခဲ့ပြီး ရာထူးက အနားယူပြီး နောက်မှာ လည်း ၂၀၁၁ ခုနှစ် အထိ စင်္ကာပူ အစိုးရ အတွက် ဆက်လက် အလုပ် လုပ်ကိုင် ပေးခဲ့ ပါတယ်။

စင်္ကာပူ နိုင်ငံ တိုးတက် ဖွံ့ဖြိုးလာခြင်း ရဲ့ ဗိသုကာ တစ်ဦး အဖြစ် မစ္စတာလီ ဟာ လူအများရဲ့ လေးစားမှု ကို ခံရခဲ့ သလို အာဏာကို နှစ်တာရှည်စွာ ဆုပ်ကိုင် ထားခဲ့ သူ တစ်ဦး အဖြစ်လည်း အဝေဖန် ခံခဲ့ရသူ တစ်ဦး ဖြစ်ပါ တယ်။

မစ္စတာလီ အာဏာ ရှိစဉ် မှာ လွတ်လပ်စွာ ပြောဆိုခွင့် ကို တင်းကြပ်စွာ ကန့်သတ် ခဲ့သလို၊ နိုင်ငံရေး အတိုက်အခံ များကိုလည်း ပစ်မှတ်ထား အရေးယူမှု တွေ လုပ်ဆောင် ခဲ့ပါတယ်။

လီကွမ်ယူဟာ သမားရိုးကျ တရုတ်မိသားစုတခု ကနေ မွေးဖွားခဲ့သူ ဖြစ်ပေမယ့် ဗြိတိန်နိုင်ငံ ကင်းဘရစ်ချ် တက္ကသိုလ်မှာ ဥပေဒ ပညာရပ် ကို အဆင့်မြင့် ဂုဏ်ထူးတန်းကနေ အောင်မြင် ခဲ့ပါတယ်။

သူနေရပ်ကို ပြန်တော့ ထင်ရှားတဲ့ အလုပ်သမား သမဂ္ဂရှေ့နေတဦး ဖြစ်လာပြီး နောက်ပိုင်းမှာ တော့ People’s Action Party ကို ခေါင်းဆောင် ခဲ့ပါတယ်။

၁၉၅၉ ခု စင်္ကာပူ လွတ်လပ်ရေး ရတော့ PAP အာဏာ ရလာပါတယ်။ ပြည်တွင်းပြည်ပကနေ ကွန်မြူနစ်ဝါဒ ထိုးဖောက် ဝင်လာမှာကို စိုးရိမ်တဲ့ အတွက် လီကွမ်ယူးက သူ့အစိုးရရဲ့ အုပ်ချုပ်မှုကို ခိုင်မြဲအောင် လုပ်ခဲ့ပါတယ်။

သူ့လက်ထက် တလျှောက်မှာ လီကွမ်ယူး ဟာ ပြည်တွင်း လုံခြုံရေး ဆိုင်ရာ အက်ဥပဒေ ကို သုံးပြီး နိုင်ငံရေး ပြိုင်ဖက်တွေ ကို တရားမစီရင်ပဲ ဖမ်းဆီး ထောင်ချ ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတခု မှာ တချို့ လွတ်လပ်ခွင့်တွေကို ပေးလို့ မဖြစ်ဘူး လို့ သူက ဆိုခဲ့ပါတယ်။

စင်္ကာပူ မှာ နှစ်ပေါင်းများစွာ တည်ငြိမ် အေးချမ်း နေခဲ့ပေမယ့် သူ့အစိုးရဟာ အာဏာချုပ်ကိုင်မှု ကို ဘယ်တော့ မှ လျှော့မပေး ခဲ့ပါဘူး။

စည်းကမ်းအတိုင်း လုပ်တာ ကို ကြိုက်တဲ့ လီကွမ်ယူးဟာ အမှိုက်ပစ်တာ၊ စည်းကမ်းမဲ့ လမ်းကူးတာ၊ တံတွေးထွေး တာ နောက်ဆုံး အများသုံး အိမ်သာ မှာ ရေမဆွဲဘဲ ထားခဲ့တာ မျိုး တွေကို အကြီးအကျယ် ဒဏ်ရိုက် ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ပြင်းထန်တဲ့ အရေးယူမှုတွေ ကြောင့်ဘဲ သူ့နိုင်ငံမှာ ရာဇဝတ်မှု နည်းပါးသလို၊ အများပိုင်ပစ္စည်း ကို ဖျက်လိုဖျက်ဆီး လုပ်တာမျိုးလည်း မရှိ၊ လမ်းဘေးမှာ အိပ်ရသူ ဆိုတာလည်း မရှိပါဘူး။ လမ်းတွေ ဆိုရင်လည်းသန့်ရှင်းလို့ နေပါတယ်။ လီကွမ်ယူရဲ့ ဝါဒ ကတော့ အစိုးရသာလျှင် ဘာကောင်းတယ်ဆိုတာ အသိဆုံး ဆိုတဲ့မူဘဲ ဖြစ်ပါတယ်။