မေလရွေးကောက်ပွဲနိုင်ခဲ့ရင် ကင်မရွန် ဝန်ကြီးချုပ်တာဝန်မယူ

  • 23 မတ် 2015
_cameron_rus ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က လာမဲ့ မေလ ၇ ရက်နေ့ မှာ ကျင်းပမဲ့ အထွေထွေ ရွေးကောက်ပွဲ ကျရင် သူ့ပါတီ ကွန်ဆာဗေးတစ် အနေနဲ့ အနိုင်ရခဲ့တဲ့ တိုင်အောင်၊ သူ ကိုယ်တိုင် တော့ ဝန်ကြီးချုပ် သက်တမ်း ကို သုံးကြိမ် တိုင်အောင် တာဝန် မယူတော့ ဘူး လို့ ဘီဘီစီ နဲ့ မေးမြန်းခန်း မှာ ထုတ်ဖေါ်ပြောသွားပါတယ်။ လူသစ် ကို နေရာ ပေးလိုက်ခြင်း အားဖြင့် ပါတီ အတွက်လည်း အမြင်သစ် အသွင်သစ် ရနိုင်မှာ ဖြစ်တဲ့ အတွက် အလားအလာ ပိုကောင်းဖို့ ရှိကြောင်း မစ္စတာ ကင်မရွန် က ပြောပါတယ်။

သူ့အနေနဲ့ အခုလို ဝန်ကြီးချုပ် နေရာ ဖယ်ပေးလိုက်ခြင်းအားဖြင့် လက်ရှိ ဝန်ကြီး အဖွဲ့ထဲ က ထရီဇာမေ ဂျော့ရှ် အော်စဘွန်း နဲ့ လန်ဒန် မြို့တော်ဝန် ဘောရစ် ဂျွန်ဆင် တို့ လို လူတော် တွေ ပေါ်ထွက် လာနိုင်မဲ့ အကြောင်း ဒါကြောင့်မို့ ဝန်ကြီးချုပ် သက်တမ်း သုံး ကြိမ် တော့ မယူချင်တော့ ပါဘူး လို့ ပြောသွားတာပါ။

ဒီနေရာ မှာ မေးခွန်းထုတ်စရာ တော့ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ မှာ သူတော့ဖြင့် နိုင်ငံရေး သမား မဟုတ်တော့ ပါဘူး ဆိုတာ ကို မဲဆန္ဒရှင် တွေ ကို ဖွင့် ပြောလိုက်ခြင်းဟာ စွန့်စားလွန်းရာ ရောက် သွားစေပါသလား၊ တကယ် လို့ မေလ ရွေးကောက်ပွဲ မှာ သူဦးဆောင်နေတဲ့ ကွန်ဆာဗေးတစ် အနိုင်ရခဲ့ရင်တောင် သူ့ အရိုက်အရာ လက်ခံမဲ့ သူတွေ အပေါ် မှာ သူ့ သြဇာက သက်ရောက်မှု ရှိနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ထွက်လာလို့ပါပဲ။

တချို့ နိုင်ငံရေး ကျွမ်းကျင်သူ အကဲခတ်တွေ ကြားမှာ ကတော့ မစ္စတာ ကင်မရွန် ပြောဆိုချက် အပေါ်မှာ သဘောထား အမြင်တွေ ကွဲပြားသွားကြပါတယ်။ တချို့ က မစ္စတာ ကင်မရွန် ဟာ အမှားတခု ပြုလိုက်ပြီ လို့ ယုံကြည်လိုက်ကြ သလို တချို့ ကတော့လည်း သူဟာ ဘယ်နည်းနဲ့ မှ ဝန်ကြီးချုပ် တာဝန် ကို ၁၀ နှစ် ထက် ပိုပြီး ယူချင် မှာ မဟုတ်ဘူး ဆိုတာ ကို သဘောပေါက်ပြီးသား မို့ မထူးဆန်း သလို ဖြစ်တဲ့ အကြောင်း ဘီဘီစီ နိုင်ငံရေး ဆိုင်ရာ သတင်းထောက် ရောဘ့်ဝါတ်ဆင် က သုံးသပ်တင်ပြ သွားပါတယ်။