လီကွမ်ယု ကွယ်လွန်မှု စင်ကာပူ အမှတ်ရ ဝမ်းနည်း

ဓာတ်ပုံ မူပိုင် Getty Images
Image caption လီကွမ်ယု ကွယ်လွန်ရာ ဆေးရုံ အပြင်ဘက်မှာ အမှတ်ရ အထိမ်းအမှတ် ပစ္စည်းတွေ လာရောက် စုပုံထားကြ။

စင်ကာပူ နိုင်ငံ ထူထောင်သူ လီကွမ်ယု တနင်္လာနေ့ မနက်က ကွယ်လွန် သွားတဲ့ အတွက် ၇ ရက် ကြာမယ့် တစ်နိုင်ငံလုံး ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်တွေ စတင် နေပါတယ်။

အသက် ၉၁ နှစ်မှာ ကွယ်လွန် သွားတဲ့ မစ္စတာ လီဟာ စင်ကာပူကို ဆိပ်ကမ်း မြို့ငယ်လေး အဖြစ်ကနေ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတဲ့ အထိ ဦးဆောင် ခဲ့သူ ဖြစ်ပါတယ်။

စင်ကာပူ မြို့ပြ နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် ၃၁ နှစ်ကြာ ထမ်းဆောင် ခဲ့တဲ့ မစ္စတာ လီ အတွက် ကမ္ဘာ့ ခေါင်းဆောင်တွေ ကလည်း အမှတ်ရ ဂုဏ်ပြု စကားတွေ ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက မစ္စတာ လီကွမ်ယုဟာ သမိုင်းမှာ အလွန် ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်တယ်လို့ ဖော်ပြ ပြောဆို ပါတယ်။

တရုတ် သမ္မတ ရှီ ကျင်းပင် ကတော့ မစ္စတာ လီဟာ နည်းဗျူဟာ ကျွမ်းကျင် ပိုင်နိုင်တဲ့ နိုင်ငံရေး ခေါင်းဆောင် ဖြစ်တယ်လို့ ဆိုပြီး၊ ရုရှား သမ္မတ ပူတင်ကတော့ မစ္စတာ လီကွမ်ယုဟာ ကမ္ဘာ့ နိုင်ငံရေး လောကရဲ့ ဖခင် တစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ လီကွမ်ယု ရဲ့ သား ဖြစ်သူ လက်ရှိ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ကတော့ လူအတော်များများ အတွက် မစ္စတာ လီကွမ်ယုဟာ စင်ကာပူ ဖြစ်တယ်လို့ တင်စား ပြောဆိုပါတယ်။

စင်ကာပူ တစ်နိုင်ငံလုံး အမှတ်ရ ဝမ်းနည်းမှုတွေရဲ့ အထွဋ်အထိပ် အခမ်းအနား အဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ နိုင်ငံတော် စျာပန ကျင်းပမှာ ဖြစ်ပြီး၊ အဲဒီ မတိုင်ခင် မစ္စတာ လီရဲ့ ရုပ်ကလာပ်ကို အများပြည်သူ ဂါရဝ ပြုနိုင်အောင် ဗုဒ္ဓဟူးနေ့ ကနေ စနေနေ့ အထိ ပါလီမန်မှာ ထားရှိမှာ ဖြစ်ပါတယ်။

တနင်္လာ နေ့ကနေ အင်္ဂါနေ့ အထိ မစ္စတာ လီရဲ့ မိသားစုက သီးသန့် စျာပန ပွဲကို ပြုလုပ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ