ဂျာမန်လေယာဉ်ပျက် ရှာဖွေရေးဆက်

  • 25 မတ် 2015
airbus ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ်ပျက် အပိုင်းအစ တွေ ရှင်းလင်း ရှာဖွေ

အင်္ဂါနေ့က အဲ့လ်ပ်စ် တောင်တွေပေါ် ပျက်ကျ သွားတဲ့ ဂျာမန် လေယာဉ်ပျက် ခေါင်းခန်း ထဲက အသံတွေ ဖမ်းထားတာ ကို ပြန်ဖော်ထုတ် နေတယ် လို့ ပြင်သစ် လေကြောင်း စုံစမ်းရေးက ပြောပါတယ်။

ဒီအသံတွေ ကို ပြန်ပြီး စိစစ် ခွဲခြားတာတွေ လုပ်ဖို့ အချိန်ယူရ လိမ့်မယ် လို့ ပြင်သစ် လေကြောင်း စုံစမ်းရေး ဗျူရိုက ညွှန်ကြားရေးမှူး Remi Jouty က ပြောပါတယ်။

လေယာဉ်ပျက်က နောက်ထပ် မှတ်တမ်း ကိရိယာ တလုံး ကိုလည်း ကြာသပတေးနေ့မှာ ဆက်ပြီး ရှာဖွေဖို့ ရှိပါတယ်။

ဒီမှတ်တမ်း ကိရိယာ ရဲ့ အခွံကို ရှာတွေ့ထားပေမယ့် ဒီထဲက လေယာဉ် အချက်အလက် မှတ်တမ်းတွေ ပါမလာတော့ တာ တွေ့ရပါတယ်။

Germanwings လေကြောင်းရဲ့ မူလ ကုမ္ပဏီက အကြီးအကဲ Carsten Spohr ကတော့ ပျက်ကျမှု အကြောင်းစ ရှာလို့ မရသေးဘူး လို့ပဲ ပြောပါတယ်။

သေဆုံးသူ လူ ၁၅ဝ ရဲ့ မိသားစု တွေလည်း အဲ့လ်ပ်စ် တောင်တန်း ဒေသကို ရောက်လာ ကြပါပြီ။

Lufthansa လေကြောင်းက အထူး လေယာဉ် ၂ စင်း နဲ့ ဒီကနေ့ ထပ်ရောက်လာ ကြဖို့လည်း ရှိပါတယ်။

တချို့ လူတွေကတော့ လေယာဉ် မစီးချင်လို့ စပိန်ကနေ ဘတ်စ်ကားတွေနဲ့ လာကြတာ ဖြစ်ပါတယ်။

ပျက်ကျသွားတဲ့ ပေ ၆ ထောင်ကျော် မြင့်တဲ့ တောင်စောင်း တွေပေါ်က လေယာဉ်ပျက် အပိုင်းအစ တွေကိုလည်း အရေးပေါ် ကယ်ဆယ်ရေးတွေနဲ့ စုံစမ်းရေး သမား တွေက စပြီး ရှင်းလင်း ရှာဖွေ နေကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ