ဂျာမန် လေယာဉ် ပျက်ကျမှု၊ ရှာဖွေရေးတွေ ပြန်စ

ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ် အပျက်အစီးတွေ အစိတ်စိတ် အမြွှာမြွှာ ပျံ့ကျဲနေ။

လူ ၁၅၀ လိုက်ပါတဲ့ Germanwings လေကြောင်းပိုင် လေယာဉ် အင်္ဂါနေ့က ပြင်သစ် တောင်ပိုင်း၊ အဲလ်ပ် တောင်တန်းပေါ်မှာ ပျက်ကျ ခဲ့ပြီးနောက် ဒီကနေ့ အပျက်အစီး ရှာဖွေရေး လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင် နေပါတယ်။

Black box နှစ်ခု အနက် တစ်ခု ဖြစ်တဲ့ လေယာဉ်မှူး အခန်းထဲက အသံ မှတ်တမ်းကို အင်္ဂါနေ့က ပြန်လည် တွေ့ရှိခဲ့ပြီး၊ ထိခိုက် ပျက်စီး နေပေမယ့် အချက်အလက်တွေ ပြန်လည် ထုတ်ယူ နိုင်ခြေ ရှိတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

လေယာဉ် ပျက်ကျတဲ့ နေရာကို ဂျာမနီ၊ ပြင်သစ်နဲ့ စပိန် ခေါင်းဆောင် တွေလည်း ရောက်ရှိ လာပါတယ်။

ခရီးစဉ် အမှတ် 4U 9525 လေယာဉ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာ မြို့ကနေ ဂျာမနီနိုင်ငံ ဒူးဆဲလ်ဒေါ့ဖ် မြို့ကို ပျံသန်းစဉ် ၈ မိနစ်ကြာ ဆက်တိုက် နိမ့်ဆင်း သွားပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မှ မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ပါသွားတဲ့ ခရီးသည် ၁၄၄ ဦးအနက် အခုချိန်အထိ သိရသလောက် ၇၂ ယောက်က ဂျာမနီ နိုင်ငံသားတွေ ဖြစ်ပြီး ၃၅ ယောက်က စပိန် နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဂျာမန် ခရီးသည်တွေ ထဲမှာ ၁၆ ဦးက လေ့လာရေး ခရီးကနေ ပြန်လာတဲ့ ကျောင်းသားငယ်တွေ ဖြစ်ပါတယ်။

ဒုတိယ ဘလက်ဘောက်စ် ဖြစ်တဲ့ ပျံသန်းမှု အချက်အလက် မှတ်တမ်းကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

လေယာဉ်ပေါ် လိုက်ပါ သွားခဲ့သူတွေ အတွက် စပိန် နိုင်ငံမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ် ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ