Alps တောင်တန်းပေါ် ဂျာမန်ခရီးသည်တင် လေယာဉ်ပျက်ကျ

  • 25 မတ် 2015
0_family_members_of_passengers ဓာတ်ပုံ မူပိုင် Reuters
Image caption ကျန်ရစ်သူ မိသားစုဝင် ကြေကွဲဝမ်းနည်း

မနေ့ မနက် က စပိန်နိုင်ငံ ဘာစီလိုးနား လေဆိပ်ကနေ ထွက်ခွာလာတဲ့ ဂျာမန် လေကြောင်း လွဖ်သန်းဇားLufthansa ပိုင် စျေးနှုန်းချိုသာတဲ့ Germanwings လေကြောင်းရဲ့ အဲယားဘတ်စ် A320 ဟာ ဂျာမနီနိုင်ငံ Duesseldorf မြို့ ကို ခရီးသည် နဲ့ လေယာဉ် အမှုထမ်း၁၅၀ တင်ဆောင်ပြီး ပျံသန်းလာခိုက် ပြင်သစ် နယ်နိမိတ် ဒီနီလေဆန် မြို့ အနီး Alps နှင်းတောင်တန်း ပေါ် မှာ ပျက်ကျခဲ့ပါတယ်။

မျက်မြင်သက်သေတဦး ဖြစ်တဲ့ ဆွန်ဒရင်း ဘွာဆေး က မနက် ၁၁ နာရီလောက်မှာ အခင်းဖြစ်တဲ့ တောင်တန်း နောက်ဖက် အဆွယ် က ကားရုံနား မှာ ရှိနေတုန်း ထူးဆန်းတဲ့ အသံကြီး ကို ကြားလိုက်ရပါတယ်။ ပထမ ကတော့ နှင်းတောင်ပြိုကျ သလား လို့ ထင်ပေမဲ့ နောက်မှ လေယာဉ်တစင်း ထိုးကျသွားတဲ့ အသံ နဲ့ ပိုနီးစပ်တာ ကို သိရပုံ ပြောပါတယ်။

လေယာဉ်ဟာ ပေ ၃၈၀၀၀ အမြင့် မှာ ပုံမှန်ပျံသန်းနေယင်း ပြင်သစ် လေကြောင်း ထိန်းသိမ်းရေး စခန်း နဲ့ အဆက်အသွယ် ပြတ်ပြီး ၈ မိနစ် အတွင်း ပေ၆၀၀၀ ကို ထိုးကျသွားတာပါ။ လေယာဉ်မှူး တွေ အနေနဲ့ ဘာမှ သတင်းပို့ချိန် မရ လိုက်ပါဘူး။

အခုတော့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ရော တာဝန်ရှိသူတွေ ပါ လေယာဉ်ပျက်ကျရာ ကို သွားရောက် စစ်ဆေးရာမှာ ဘလက်ဘောစ့် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ ကို တွေ့ရှိကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီး က အရေးပေါ်ကယ်ဆယ်ရေး လုပ်သားရဲ့ ပြောကြားချက် ကို ကိုးကားပြောဆိုပါတယ်။

လေယာဉ်ပေါ်ပါ ခရီးသည်တွေ အနက် အသက် ၁၅ နှစ် ဝန်းကျင် ဂျာမန် ကျောင်းသူ ကျောင်းသား ၁၆ ဦး ဟာ ဆရာမ နှစ်ဦး နဲ့ အတူ စပိန်နိုင်ငံ ကို လေ့လာရေး ခရီးထွက်လာတာပါ။ အခုလို ဂျာမန် ခရီးသည် အများဆုံး လိုက်ပါလာတဲ့ လေယာဉ် ပျက်ကျတဲ့ အတွက် ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ်ဟာ ကနေ့ မှာ အခင်းဖြစ်ပွားရာ ကို ကနေ့ သွားရောက် စစ်ဆေးမှာပါ။

လွဖ်သန်းဇားLufthansa လေကြောင်း အာဏာပိုင်တွေ ကတော့ မတော်တဆ ပျက်ကျမှု လို့ လတ်တလော သုံးသပ်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် တွေ က သတင်းပေးပို့ချက် တွေ က ကောက်နှုတ် တင်ပြလိုက်ရပါတယ်။