တိကရစ်မြို့ကို အမေရိကန်တို့ လေကြောင်းမှ ကူတိုက်ခိုက်

  • 25 မတ် 2015
တိကရစ်မြို့တိုက်ပွဲများ ဓာတ်ပုံ မူပိုင် Reuters
Image caption ရှအာတပ်ဖွဲ့များ တိကရစ်ကို ထိုးစစ်ဆင်

အီရတ် နိုင်ငံမှာရှိတဲ့ တိကရစ်မြို့က အိုင်အက်စ် အစ္စလမ်မစ် နိုင်ငံတပ်ဖွဲ့တွေကို လေကြောင်းကနေ ကူတိုက်ဖို့ အမေရိကန်တို့ဘက်က အမိန့်ပေးလိုက်ပါတယ်။ အီရတ် အာဏာပိုင် တွေဆီက လေကြောင်းအကူ အညီပေးဖို့ တောင်းခံပြီး နောက်ပိုင်းအခုလို အမိန့်ထွက် လာတာဖြစ်ပါတယ်။ ဘက်ဒက်မြို့တော် မြောက်ဘက် မိုင်၁၀၀ကွာတဲ့ တိကရစ်မြို့ကို ပြန်သိမ်းပိုက်ဖို့ အီရတ် လက်နက်ကိုင်တွေ အပါအဝင် ရှီယာပြည်သူ့စစ် စုစုပေါင်း၂သောင်းကျော်တို့နဲ့ မြို့ကို အဘက်ဘက်က တိုက်ခဲ့ကြပါတယ်။

အရင်က မဟာမိတ်တို့ရဲ့ လေကြောင်း အကူအညီ မရပေမယ့် တိုင်းဂရစ် မြစ်ကြောင်း တလျှောက် မြို့ရွာတွေကို အီရတ်တပ်တွေက သိမ်းနိုင်ပြီးတိကရစ်မြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်း အရပ်တွေကို ဝင်ရောက် နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပါတ်ကတော့ အီရတ်တပ်ရော ပြည်သူ့စစ်တွေပါ အထိနာပြီး ထိုးစစ်တွေ ရပ်သွားပါတယ်။ တိကရစ်မြို့ လယ်ပိုင်းကို အိုင်အက်စ်တပ်တွေ အခိုင်အမာ ထိန်းချုပ်ထားပြီး လမ်းတွေနဲ့ အဆောက်အဦတွေကို ဗုံးထောင် ထားကြပါတယ်။

အခုလို လေကြောင်းက ကူတိုက်တာဟာ အိုင်အက်စ်တို့ရဲ့ အခြေစိုက် စခန်းတွေကို တိတိကျကျ ထိဖို့ အပြစ်မဲ့တဲ့ အီရတ်ပြည်သူတွေကို အသက်ကယ်ဖို့ အရပ်ဘက် အဆောက်အအုံတွေ အပျက်နည်းဖို့ လုပ်တာလို့ အမေရိကန် မဟာမိတ်အဖွဲ့ တပ်မှူးကြီးဗိုလ်ချုပ်ကြီး James L Terryက ပြောပါတယ်။

အခုလိုအမေရိကန်တို့ကို လေကြောင်းအကူအညီ တောင်းတာကို အီရတ်စစ်တပ်နဲ့ ရှီအာတပ်ဖွဲ့တွေကြား သဘောထားကွဲနေကြပါတယ်။ အိုင်အက်စ်ကို ဘုံရန်သူ အဖြစ်တိုက်ခိုက်ရာမှာ အီရန်နဲ့ အမေရိကန်တို့က တဘက်နဲ့တဘက်ပူးပေါင်း ဆောင်ရွက်မှုမရှိဘူးလို့ အစဉ်တစိုက်ပြောနေပေမဲ့ အီရန်ကမြေပြင်မှာ ကူတိုက်နေသလို အမေရိကန်က လေကြောင်းက ပါဝင်တဲ့အတွက် တဖွဲ့နဲ့တဖွဲ့ အထောက်ကူပြုနေကြတယ်လို့ အီရတ်တို့ ဘက်က မြင်နေကြပါတယ်။