ယီမင်မှာ အဓိက လေတပ်စခန်းကို သူပုန်တွေ သိမ်း

ဓာတ်ပုံ မူပိုင် AFP
Image caption al_Anad လေတပ်စခန်းကို သမ္မတ သစ္စာခံ တပ်ဖွဲ့တွေက စောင့်ကြပ် ထားခဲ့။

ယီမင် နိုင်ငံမှာ သမ္မတ Abdrabbuh Mansour Hadi ခြေကုပ် ယူထားတဲ့ အေဒင် မြို့ကို ဟွတ်သီ သူပုန်တွေက ဦးတည် တိုက်ခိုက် နေရာမှာ အချက်အချာ ကျတဲ့ လေတပ် စခန်းတစ်ခုကို သိမ်းပိုက် လိုက်ကြပါတယ်။

သမ္မတ သစ္စာခံ တပ်ဖွဲ့တွေ လက်ထဲက al-Anad လေတပ်စခန်းကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သူပုန်တွေက သိမ်းပိုက် လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

အေဒင် မြို့ကနေ ၃၇ မိုင်သာ ဝေးတဲ့ အဲဒီ လေတပ် စခန်း သူပုန်တွေလက်ထဲ ကျခဲ့ပြီးနောက် မစ္စတာ ဟာဒီက သူရဲ့ အိမ်တော်ကနေ ရှောင်ထွက် သွားတယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဒါပေမယ့် နိုင်ငံထဲကနေ ထွက်သွားတာတော့ မဟုတ်ဘူးလို့ သမ္မတကို ထောက်ခံသူတွေက ပြောပါတယ်။

တစ်ခါ အေဒင် မြို့က အစိုးရ အိမ်တော် နေရာကိုလည်း အမျိုးအမည် မကွဲပြားတဲ့ စစ်လေယာဉ်တွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက် ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

သမ္မတ မစ္စတာ ဟာဒီဟာ ပြီးခဲ့တဲ့ လက မြို့တော် ဆာနား ကနေ ဆုတ်ခွာ ခဲ့ရပြီးနောက် အေဒင် မြို့မှာ ခြေကုပ် ယူထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ