တွဲ​ဘက်​လေ​ယာဉ်​မှုး ဘာ​လို့ လေ​ယာဉ်​ကို ထိုး​ဆင်း​ခဲ့​သလဲ ရှာဖွေနေ

  • 26 မတ် 2015
germanwings_ ဓာတ်ပုံ မူပိုင် AFP
Image caption လေကြောင်းလိုင်း တော်တော် များများ ဟာ လေယာဉ် ပျံ ဘေးကင်း လုံခြုံစွာ ပျံသန်း နိုင်ရေး နဲ့ ပတ်သက်ပြီး လိုက်နာ ရမယ့် သူတို့ရဲ့ လုပ်ထုံး စည်းမျဉ်း တွေ ကို ပြောင်းလဲ မယ်လို့ ပြောလာ ကြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ က ပြင်သစ် နိုင်ငံ တောင်ပိုင်း အဲ့လ်ပ်စ် တောင်တန်း ပေါ် Germanwings လေယာဉ် ပျက်ကျ ခဲ့တဲ့ ဖြစ်ရပ် မှာ တွဲဘက် လေယာဉ် မှုး က ဘာ့ကြောင့် တမင် သက်သက် လေယာဉ် ကို ထိုးစိုက် စင်း ခဲ့ပြီး တောင်နံရံ နဲ့ ဝင်တိုက် စေခဲ့ သလဲ ဆိုတာ ကို ဖော်ထုတ် နိုင် ဖို့ စုံစမ်း စစ်ဆေး နေသူ တွေ ကြိုးစား နေကြ ပါတယ်။

အဆိုပါ တွဲဘက် လေယာဉ်မှုး အဲန်ဒရေယာ လူးဘစ်ဇ် ဟာ လေယာဉ် မှုး ပြန် ဝင်လို့ မရအောင် လေယာဉ် မောင်းခန်း ကို သော့ခတ် လိုက်ပြီး တဲ့ နောက် လေယာဉ် ကို ထိုးစင်း ခဲ့တာ ဖြစ်တယ် ဆိုပြီး ပြင်သစ် အာဏာပိုင် တွေ က ပြောပါ တယ်။

အခုဆိုရင် အဲန်ဒရေယာ လူးဘစ်ဇ် ရဲ့ ဂျာမဏီ က နေအိမ်ကို ရှာဖွေ ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဘာ တွေ တွေ့ ရှိထားတယ် ဆိုတာ ကိုတော့ အာဏာပိုင် တွေ က ထုတ် မပြောသေးပါဘူး။

ပြင်သစ် အစိုးရ ရှေ့နေ တွေ ရဲ့ အဆိုအရ တော့ တွဲဘက်လေယာဉ်မှုး က ဘယ်လို အကြောင်းကြောင့် လေယာဉ် ကို ပျက်ကျ စေခဲ့ သလဲ ဆိုတာ သူတို့ အနေနဲ့ ရှင်းမပြ နိုင် သေး ပေမယ့်၊ ထိုသူဟာ အကြမ်းဖက် အဖွဲ့ တွေ နဲ့ အဆက် အစပ် ရှိတယ် လို့လည်း မတွေ့ရ ကြောင်း ပြောထား ပါတယ်။

ပြင်သစ် အစိုးရ အမှုလိုက် ရှေ့နေ တစ်ဦး ဖြစ်တဲ့ Brice Robin က လေယာဉ် ရဲ့ အသံသွင်း မှတ်တမ်း Black Box တွေ ကနေ ရရှိ ခဲ့တဲ့ အချက် တွေ ပေါ် မူတည်ပြီး အခင်း ဖြစ်စဉ် က ခရီးသည် တွေ အခြေအနေ နဲ့ ပတ်သက် လို့ ခရီးသည် တွေ ဟာ ဘာဖြစ်လို့ ဖြစ် နေမှန်း သိပုံ မရပါဘူး၊ လေယာဉ် မြေကြီး နဲ့ ဝင် မတိုက် ခင် နောက်ဆုံး အချိန် လောက်ကျ မှ သူတို့ဆီက အော်သံ တွေ ထွက်လာ ခဲ့တာပါ လို့ ပြောခဲ့ပါတယ်။

Germanwings လေယာဉ် ပျက်ကျ ခဲ့မှု မှာ လိုက်ပါသွားခဲ့သူ အယောက် ၁၅၀ လုံး သေဆုံး ခဲ့ရပါတယ်။

Germanwings လေယာဉ် ပျက်ကျ ခဲ့ပြီး တဲ့ နောက် အခု ဆိုရင် လေကြောင်း လိုင်း တော်တော် များများ ဟာ လေယာဉ် ပျံ ဘေးကင်း လုံခြုံစွာ ပျံသန်း နိုင်ရေး နဲ့ ပတ်သက်ပြီး လိုက်နာ ရမယ့် သူတို့ရဲ့ လုပ်ထုံး စည်းမျဉ်း တွေ ကို ပြောင်းလဲ မယ်လို့ ပြောလာ ကြပါတယ်။

ဂျာမန် လေကြောင်းလိုင်း အကြီး တွေ အကုန် လုံး နဲ့ အတူ Virgin ၊ Easyjet စတဲ့ လေကြောင်း လိုင်းတွေ က သူတို့ လေယာဉ် တွေ ပျံသန်း နေစဉ် လေယာဉ် မောင်းခန်း ထဲမှာ လေယာဉ် အမှု ထမ်း အရေအတွက် ၂ ဦး အမြဲ ရှိနေ ရမယ် လို့ သတ်မှတ် လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ