တွဲဖက် လေယာဉ်မှူးက ပျက်ကျအောင် တမင် ပြုလုပ်ခဲ့

  • 26 မတ် 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၁၅၀ လုံး သေဆုံးခဲ့

အင်္ဂါနေ့က Germanwings ကုမ္ပဏီပိုင် လေယာဉ် ပြင်သစ် နိုင်ငံ၊ အဲလ်ပ် တောင်တန်းပေါ် ပျက်ကျ စဉ်မှာ လေယာဉ်ကို ဂျာမန် လက်ထောက် လေယာဉ်မှူးက တစ်ယောက်တည်း ထိန်းချုပ် နေခဲ့တာ ဖြစ်ပြီး လေယာဉ် ပျက်ကျအောင် သူက တမင် ဆောင်ရွက် ခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျချိန်မှာ လက်ထောက် လေယာဉ်မှူးက လေယာဉ် ဦးခန်းထဲမှာ တစ်ယောက်တည်း ရှိနေခဲ့ပြီး လေယာဉ် အမြင့်ပေ နိမ့်ဆင်းအောင် တမင် ထိန်းချုပ် ဆောင်ရွက်ခဲ့ကြောင်း အသံ မှတ်တမ်းတင် ကိရိယာရဲ့ အချက်အလက်တွေ အရ သိရတယ်လို့ မာဆေးလ် မြို့က ပြင်သစ် အစိုးရရှေ့နေ Brice Robin က ပြောပါတယ်။

လေယာဉ် မောင်းခန်းထဲကနေ ထွက်သွားတဲ့ လေယာဉ်မှူးဟာလည်း အခန်းထဲ ပြန်ဝင်လို့ မရခဲ့တာ သိရပြီးနောက် ပြန်ဝင်နိုင်ဖို့ အရေးတကြီး ကြိုးစား ခဲ့တာကိုလည်း အသံ မှတ်တမ်းတွေမှာ တွေ့ရှိရတယ်လို့ သူက ပြောပါတယ်။

လေယာဉ်မှူးက အခန်းထဲ ပြန်ဝင်ခွင့် ပေးဖို့ ပြောဆိုတာကိုရော၊ လေကြောင်း ထိန်းသိမ်းရေး စခန်းက ဆက်သွယ်တာကိုပါ လက်ထောက် လေယာဉ်မှူးက တုံ့ပြန်ခြင်း မရှိခဲ့ပေမယ့် သူ့ရဲ့ အသက်ရှူသံကို ကြားနေရတဲ့ အတွက် နောက်ဆုံး အချိန်အထိ အသက် ရှိနေခဲ့တာကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘာကြောင့် ဂျာမန် လက်ထောက် လေယာဉ်မှူးက ဒီလို ပျက်ကျအောင် ဆောင်ရွက်သလဲ ဆိုတာကိုတော့ မသိရသေးဘဲ သူ့ရဲ့ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို ဂျာမန် အစိုးရက စုံစမ်း နေဆဲ ဖြစ်ပါတယ်။

ဂျာမန် လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ လူ ၁၅၀ စလုံး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ