ယီ​မင်​ထဲ​မှာ ဆောက်​ဒီ​တို့ လေ​ကြောင်း​တိုက်ခိုက် လာ​ပြန်

houthi_militia_after_saudi_air_strike_ ဓာတ်ပုံ မူပိုင် European Photopress Agency
Image caption ဟူသီစ်တွေ အင်အား ချိနဲ့ သွားတဲ့ အထိ လေကြောင်း ကနေ တိုက်ခိုက်မယ်လို့ ဆောက်ဒီ ပြော။

ယီမင် နိုင်ငံ ကို ထိန်းချုပ် ထားတဲ့ ရှီအာ မွတ်ဆလင်မ် ဟူသီစ် သူပုန် တွေ ကို ပစ်မှတ် ထားပြီး ဆောက်ဒီ အာရေးဗျား က ယီမင် နိုင်ငံ ထဲမှာ လေကြောင်း တိုက်ခိုက် မှု တွေ ထပ်မံ လုပ်ဆောင် လာ ပြန်ပါတယ်။

ယီမင် မြောက်ပိုင်း မြို့တော် ဆားနား မှာ အင်အား ပြင်းထန် တဲ့ ပေါက်ကွဲ မှု တွေ ဖြစ်ပေါ် လာခဲ့ သလို၊ အရင် သမ္မတ ဟောင်း အပေါ် သစ္စာခံ တဲ့ တပ် တွေ ထိန်းချုပ် ထားရာ ယီမင် တောင်ဘက်ပိုင်း က စစ် အခြေစိုက် စခန်း ကိုလည်း တိုက် ခိုက် ခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

ဟူသီစ် သူပုန် တွေ ရဲ့ စစ်ရေး အင်အား အပြင်းအထန် ချိနဲ့ သွားတဲ့ အထိ ဟူသီစ် တွေ ကို လေကြောင်း တိုက်ခိုက် မှု တွေ ဆက်လက် လုပ်ဆောင် မယ် ဆိုပြီး ဆောက်ဒီ အာရေးဗျား က ပြောထား ပါတယ်။

မြေပြင်တပ် တွေ စေလွှတ် ဖို့ လတ်တလော မှာ အစီအစဉ် မရှိ ပေမယ့်၊ အာရေဗျ ကျွန်းဆွယ် တစ်ခုလုံး မှာ အီရန် နိုင်ငံ နဲ့ အဆက် အစပ် ရှိနေ တဲ့ လက်နက်ကိုင် အဖွဲ့ မှန်သမျှ ကို ချေမှုန်း ပစ်ဖို့ ဆုံးဖြတ် ထားပြီး၊ အထူး တပ်ဖွဲ့ တွေ ကို အသင့် အနေအထား မှာ တပ်လှန့် ထားတယ် လို့လည်း ဆောက်ဒီ အစိုးရ က ပြောပါတယ်။

ယီမင် နိုင်ငံ ထဲမှာ ဆောက်ဒီ နဲ့ တခြား အာရပ် မဟာမိတ် နိုင်ငံ တွေက ပြုမူ ခဲ့တဲ့ စစ်ရေး အရ စွက်ဖက် မှု ကို အီရန် သမ္မတ ဟာဆန် ရူဟာနီ က ရှုတ်ချ လိုက်ပြီး၊ ဒီ လို ပြုမူ မှု ကြောင့် ယီမင် ပဋိပက္ခ ဟာ ပိုပြီး ကြီးထွား လာစေတယ် လို့ ဆိုပါတယ်။

ဟူသီစ် သူပုန် ခေါင်းဆောင် Abdulmalik al-Huthi က လည်း သူတို့ အပေါ် တိုက်ခိုက် ခဲ့တဲ့ လေကြောင်း တိုက်ခိုက် မှု တွေ ဟာ ရာဇဝတ် မှု မြောက် တဲ့ ရန်လို ခြင်း ဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အာရပ် နိုင်ငံများ အဖွဲ့ ချုပ် Arab League က တော့ ဟူသီစ် တွေ ကို လေကြောင်း တိုက်ခိုက် မှု အပေါ် အပြည့် အဝ ထောက်ခံ ကြောင်း ကြေညာပါတယ်။

ဒီ တိုက်ခိုက်မှု အတွက် ပင်လယ်ကွေ့ အာရပ် နိုင်ငံ တွေ နဲ့ အီဂျစ် အပါအဝင် နိုင်ငံ ပေါင်း ၁၀ နိုင်ငံကျော် ပူးပေါင်း လုပ်ဆောင် ခဲ့တာ ဖြစ်တယ် လို့ ဆောက်ဒီ က ပြောပါတယ်။

တူရကီ ကလည်း ထောက်ခံ ခဲ့သလို၊ အမေရိကန် အစိုးရ က သူတို့ အနေနဲ့ ယီမင် ပဋိပက္ခ အရေး မှာ ညှိနှိုင်း ဆွေး နွေး အဖြေ ရှာတဲ့ နည်းလမ်း ကို ပိုမို လိုချင် ပေမယ့်၊ စစ်ရေး အရ အရေးယူ ဆောင်ရွက် လောက်အောင် ဖြစ်လာ ခဲ့တဲ့ ဆောက်ဒီ နိုင်ငံရဲ့ စိုးရိမ် မှု တွေ ကို လည်း နားလည် ပါကြောင်း ပြောပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ရဲ့ နိုင်ငံခြား ရေးရာ ဌာန အကြီးအကဲ Frederica Mogherini ကတော့ အခင်း ဖြစ်ပေါ် ရာ ဒေသ တွင်း မှာ စစ်ရေး ဆောင်ရွက် ချက် တွေနဲ့ အဖြေ ရှာ လို့ မရ နိုင်ကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ