တွဲဖက် လေယာဉ်မှူးက နာမကျန်းမှုကို ဖုံးထားခဲ့

ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ် ပျက်မယ့် နေ့အတွက် ခွင့်ယူဖို့ စာကို ဆုတ်ဖြဲထားတာကို တွေ့ခဲ့ရ။

ပြင်သစ် နိုင်ငံ၊ အဲလ်ပ် တောင်တန်းပေါ်ကို ဂျာမန်ဝင်းစ် ခရီးသည်တင် လေယာဉ် ပျက်ကျအောင် တမင် လုပ်ခဲ့တယ်လို့ ယူဆ ရတဲ့ ဂျာမန် တွဲဖက် လေယာဉ်မှူး Andreas Lubitz ဟာ နာမကျန်း ဖြစ်မှု တစ်ခုခုကို ဖုံးကွယ် ထားခဲ့ပုံ ရကြောင်း ဂျာမန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒူးဆဲဒေါ့ဖ် မြို့က သူ့တိုက်ခန်းနဲ့ သူ့မိဘရဲ့ အိမ်ကို ရှာဖွေ စစ်ဆေးရာမှာ လေယာဉ် ပျက်ကျမယ့် နေ့အတွက် အပါအဝင် နာမကျန်းမှု အတွက် ခွင့်ယူဖို့ ရေးထားတဲ့၊ ဆုတ်ဖြဲထားတဲ့ စာအချို့ကို တွေ့ခဲ့ရတယ်လို့ ဂျာမန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့ နာမကျန်းမှုက ဘယ်လို အမျိုးအစားလဲ ဆိုတာကိုတော့ ဂျာမန် ရှေ့နေရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြ မထားပါဘူး။

ဂျာမန် သတင်း မီဒီယာမှာတော့ ပြည်တွင်း လေကြောင်း ဦးစီးဌာနရဲ့ အထောက်အထားတွေ အရ သူဟာ စိတ်ကျ ဝေဒနာကို ခံစားခဲ့ဖူးပြီး၊ အကဲဖြတ်ချက်ကို ခံယူ နေခဲ့ရတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျ စေတဲ့ သူ့ရဲ့ လုပ်ဆောင်မှုကို တွန်းအား ဖြစ်စေမယ့် ဘာသာရေးနဲ့ နိုင်ငံရေး ဆိုင်ရာ စေ့ဆော်မှု တစုံတရာကိုတော့ မတွေ့ရကြောင်း၊ သေကြောင်း ကြံစည်ဖို့ ရေးတဲ့ စာလည်း မတွေ့ကြောင်း ဂျာမန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အင်္ဂါနေ့က အဲဒီ Germanwings လေကြောင်း ကုမ္ပဏီပိုင် လေယာဉ် ပျက်ကျ ခဲ့တဲ့အတွက် လေယာဉ်ပေါ် ပါသူ ၁၅၀ စလုံး သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ