စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု စျာပန

  • 29 မတ် 2015

အသက် ၉၁ နှစ်အရွယ် ကွယ်လွန်သူ ခေါင်းဆောင်ကြီး လီကွမ်ယု နိုင်ငံနဲ့ ပြည်သူတွေကို ထာဝရ နှုတ်ဆက်သွားတော့ မယ့် ဒီစျာပန အခမ်း အနားကို တနင်္ဂနွေ နေ့လည် ပိုင်းမှာ စတင်ခဲ့ ပါတယ်။

အများပြည်သူတွေ ဂါဝရ ပြုနိုင်ဖို့ ထားရှိတဲ့ ပါလီမန် နေရာ ကနေ နိုင်ငံတော် အလံ လွှမ်းခြုံ ထားတဲ့ မစ္စတာ လီကွမ်ယု ခေါင်းတလားကို နေလည် ၁၂ နာရီ ခွဲ အချိန်မှာ သယ်ထုတ် လာခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty

စစ်တပ် ဂျစ်ကား နောက်မှာ အမြှောက်ပစ်တဲ့ အတွဲ ချိတ်ပြီး အဲဒီ အပေါ်မှာ မှန်ပုံးထဲ ခေါင်းတလားကို ထည့်ထားတာ ဖြစ်ပါတယ်။ အရှေ့ဆုံး ကနေ ဘင်ခရာ တပ်ဖွဲ့ ကနေ ဦးဆောင်ကာ လုံခြုံရေး ကားတွေ ဆိုင်ကယ်တွေ ခြံရံပြီး အမျိုးသား တက္ကသိုလ် ဆီကို ဦးတည် ထွက်လာ ပါတော့တယ်။

အချိန်တည်းမှာပဲ အမြှောက် ၂၁ ချက် ဖေါက်ပြီး ဂုဏ်ပြု သံဟာ မြို့တခုလုံးကို ပံတင် မည်ဟိန်းသွားခဲ့ ပါတော့တယ်။ စစ် လေယာဉ်တွေ ကလည်း ဝေဟင်မှာ ဝဲပျံ အလေးပြုခဲ့ပြီး စစ်သင်္ဘော ၂ စီးဟာလည်း မာရီနာ ဆိပ်ကမ်း မှာ ခုတ်မောင်းခဲ့ ပါတယ်။

ဒီနောက် မှာတော့ စင်ကာပူ အမျိုးသား တက္ကသိုလ် ဆီကို ဂျစ်ကားဟာ တဖြည်းဖြည်း မောင်းထွက် သွားခဲ့ရာ လမ်း တလျှောက် ဝဲယာ ပြည်သူ ပြည်သား ၁ သန်းခွဲ လောက် နောက်ဆုံး နှုတ်ဆက် ဂါဝရ ပြုခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီးကို ခွဲခွာ ရတဲ့ အခုလို နောက်ဆုံး အချိန် စင်ကာပူ မိုး ကောင်ကင်မှာ မိုးတိမ်တွေ အုပ်ဆိုင်းပြီး မိုးကြီး တွေလည်း ရွာသွန်း ခဲ့တယ်။

မိုးရေတွေနဲ့ အတူ မျက်ရည်တွေ ဖြိုင်ဖြိုင် ကျနေကြတဲ့ လမ်းဘေး ဝဲယာမှာ စောင်ဆိုင်း နေကြသူတွေဟာ စင်ကာပူ နိုင်ငံ အလံတွေကို ဝှေ့ယမ်းပြီး သူတို့ ခေါင်းဆောင်ကြီး အတွက် နောက်ဆုံး နှုတ်ဆက်ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty

နေ့လည် ၂ နာရီ မှာတော့ အမျိုးသား တက္ကသိုလ်ကြီးက ယာဉ်ကျေးမှု စင်တာမှာ နိုင်ငံတော် စျာပနာ အခမ်း အနားကို စတင် ပါတော့တယ်။ အခမ်း အနားမှာ မစ္စတာ လီကွမ်ယု ရဲ့ သား လက်ရှိ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ကနေ အမှတ် တရ ဂုဏ်ပြု စကား ပြောကြားခဲ့ ရာမှာ

''စင်ကာပူ အတွက် အမှောင်လွှမ်း တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။ စင်ကာပူ အတွက် နှစ်ပေါင်း များစွာ လမ်းညွှန်း ဆောင်ကျင်း ပေးခဲ့တဲ့ အလင်း ရောင်ခြည်ဟာ အခုတော့ ငြိမ်းသတ် သွားခဲ့ ရပါပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံ ဗိသုကာ ဖခင်ကြီး ဆုံးရှုံး ခဲ့ရ ပါတယ်။ သူဟာ စင်ကာပူ နိုင်ငံ အတွက် သူ့ ဘဝကို မြှုပ်နှံပြီး အသက်ရှင် ရပ်တည် ခဲ့တာ ဖြစ်တယ်'' လို့ ဂုဏ်ပြု ပြောကြား သွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အမှန် တရား အတွက် ဘယ်တော့မှာ တွန့်ဆုတ် နေသူ မဟုတ်တဲ့ မစ္စတာ လီကွမ်ယု

ဒီ စျာပန အခမ်း အနားကို ဒေသတွင်းနဲ့ နိုင်ငံ တကာက လက်ရှိ တာဝန် ယူထားတဲ့ ခေါင်းဆောင်တွေ အပြင် အရင်က ခေါင်းဆောင် ဟောင်းတွေလည်း တက်ရောက် တာကို တွေ့ရပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်၊ အိန္ဒိယ ဝန်ကြီးချုပ် တခါ တောင်ကိုရီး ဂျပန် အင်ဒိုနီးရှား သြစတြေးလျနဲ့ ဗြိတိန် တို့က ခေါင်းဆောင်တွေ တက်ရောက် ကြပါ တယ်။

အမေရိကန် ပြည်ထောင်စု ကတော့ သမ္မတဟောင်း ဘီ ကလင်တန်နဲ့ အထင် ကရ နိင်ငံရေး သမားကြီး လည်းဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟောင်းလည်း ဖြစ်သူ ဟင်နရီ ကစ်ဆင်ဂျား တက်ရောက် လာတာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် AP

စျပနမှာ တခြားသော မစ္စတာ လီကွမ်ယုရဲ့ လုပ်ဖေါ် ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ၊ သတင်းထာက်ဟောင်း မိတ်ဆွေတွေ စုစုပေါင်း ၁၀ ယောက်က ကလည်း သူ့ အတွက် အမှတ် တရ စကားတွေ ပြောကြားခဲ့ ပါတယ်။

အဲဒီ နောက်မှာတော့ တနိုင်ငံလုံးမှာ ဝမ်းနည်းခြင်း အထိမ်း အမှတ် ဥသြ စွဲခဲ့ပြီး အားလုံး ဝမ်းနည်းခြင်း တမိနစ် ငြိမ်သက်ခဲ့ ပါတယ်။

ညနေ ၅ နာရီမှာတော့ မန်ဒိုင်း မီး သင်္ဂြုဟ်တဲ့ နေရာကို သယ်ဆောင် သွားပြီး အဲဒီမှာ မိသားစုဝင်တွေ ချည်းပဲ သီးသန့် စျပနာ တခု ပြုလုပ်ပြီး သဂြိုဟ်ခဲ့ ပါ တော့တယ်။

နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ် ခဲ့ပြီး အာဏာရှင် ဆန်တဲ့ အုပ်ချုပ်မှုတွေ အတွက် လည်း ဝေဖန်မှု တွေ ခံခဲ့ရသူ ခေါင်းဆောင်ကြီး မစ္စတာ လီကွမ်ယု တယောက် ဒီနှစ် နှောင်းပိုင်း စင်ကာပူ နိုင်ငံ နှစ် ၅၀ ပြည့် အခမ်း အနားကို မြင်မသွားရ ပေမယ့်လည်း အဲဒီ နေ့မှာ ပြည်သူ အများ ကနေ သူ့ကို ထပ်လောင်း အမှတ် တရ ဂုဏ်ပြု ကြဦးမှာ ဖြစ်ပါတယ်။