တူးနီးရှားက တူးနစ္စမြို့မှာ လူထောင်သောင်းချီပြီး ချီတက် ဆန္ဒပြ

  • 29 မတ် 2015
tunis_marsh ဓာတ်ပုံ မူပိုင် epa
Image caption အဖြူနဲ့အနီ တူးနီးရှား အလံတွေနဲ့ ပြည့်နေ

တူးနီးရှား နိုင်ငံ တူးနစ္စ မြို့တော်မှာ နိုင်ငံခြားခရီးသွား အများစု အပါအဝင် လူ ၂၀ ကျော်သေဆုံး ခဲ့ရတဲ့ ဘာဒိုပြတိုက် တိုက်ခိုက်မှုအပြီး ရက်ပိုင်း အတွင်းမှာပဲ အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက်မှု တွေကိုဆန့်ကျင်တဲ့အနေနဲ့ လူထောင်သောင်း ချီလို့ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

တူးနစ္စမြို့တွင်းက လမ်းမကြီးတွေမှာ အဖြူနဲ့အနီ တူးနီးရှား နိုင်ငံတော်အလံတွေနဲ့ ပြည့်နေခဲ့ကြပါတယ်။ သူတို့တွေရဲ့ ချီတက်ပွဲတွေကို ပြင်သစ်၊ အီတလီ၊ ဂျပန်စတဲ့နိုင်ငံတွေ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြလိမ့်မယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ အဲဒီပြတိုက်တိုက်ခိုက်မှုနဲ့ ပတ်သက်နေတဲ့ စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင်ကို လုံခြုံရေးတပ်တွေက အသေဖမ်းမိခဲ့တယ်လို့ တူနီးရှားအစိုးရက ပြောပါတယ်။

ဝန်ကြီးချုပ် ဟာဘိ အက်စ္စတ်က ဂတ်ဖ်ဆာ ဒေသမှာ စစ်ဆင်မှုတွေ အတွင်းမှာ တူနီးရှားမှာ အန္တရာယ်အရှိဆုံး အကြမ်းဖက်သမားလို့ ခေါ်ကြတဲ့ အဲလ်ဂျီးရီးယား လူမျိုး လော့ခ်မန်း အဘူ ဆခ်ဟရာနဲ့အတူ စစ်သွေးကြွ ၈ ဦးကို အသေရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေဟာ အို့ခ်ဘာ အစ်ဘန် နဖ်ဖာတပ်ဖွဲ့လို့ ခေါ်တဲ့ အစ္စလာမ်မစ် အဖွဲ့ ကလို့ ဆိုပါတယ်။