တွဲဖက်လေယာဉ်မှူး ရဲ့ကျန်းမာရေး ဆေးမှတ်တမ်း

  • 30 မတ် 2015
germanwings_ ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ်ပျက်ကျရာမှာ သေဆုံးသူတို့ကိုDNA စစ်

ပြင်သစ် Alps တောင်တန်း ပေါ်မှာ ခရီးသည်တင် Germanwings လေယာဉ် ကို တမင် ပျက်ကျ စေခဲ့တဲ့ ဂျာမန် တွဲဖက် လေယာဉ်မှူး Andreas Lubitz ဟာ ဘာကြောင့် အခုလို လုပ်တယ် ဆိုတဲ့ ရည်ရွယ်ချက် လှုံ့ဆော်မှု ကို အထောက်အထားနဲ့ တကွ မတွေ့ရ သေးတဲ့ အကြောင်း Dusseldorf မြို့မှ အစိုးရ ရှေ့နေ Christoph Kumpa က ပြောပါတယ်။

တွဲဖက်လေယာဉ်မှူးဟာ သူဘာကြောင့် အခုလို လုပ်တယ် ဆိုတဲ့ ဝန်ခံချက် တခုခု ကို စာအရ ဖြစ်စေ၊ တခြား သက်သေတစုံ တရာ အရ ဖြစ်စေ အခုထိ မတွေ့ရသေး တဲ့ အကြောင်း၊ သူ့ရဲ့ ပတ်ဝန်းကျင် မှာလည်း မိသားစု အရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အလုပ်ခွင် မကျေလည်မှု စတဲ့ အထောက်အထား လည်း မတွေ့ရ သလို ဆေးစာ အရလည်း ကျန်းမာရေး ချို့ယွင်းတာ ကို ဖေါ်ပြထားမှု မရှိပါဘူး လို့ ပြောသွားတာပါ။

ဒါပေမဲ့ သူ့မှာ မိမိကိုယ်မိမိ သေကြောင်းကြံ လိုစိတ် ရှိတတ်တဲ့ အရိပ်လက္ခဏာ ရှိခဲ့ဖူးကြောင်း၊ ဒါကလည်း လေယာဉ်မောင်း လိုင်စင် မရခင် က ဖြစ်တဲ့ အကြောင်း အစိုးရ ရှေ့နေ Christoph Kumpa က ရှင်းပြပါတယ်။ လေယာဉ်အမှုထမ်း မဖြစ်ခင် က စိတ်ရောဂါကု ဆရာဝန် နဲ့ ဆေးစစ်ခဲ့စဉ် က သူ့ ဆေးမှတ်တမ်း အရ သေကြောင်း ကြံလိုစိတ် ရှိတယ် ဆိုတာ ဖေါ်ပြထားပါတယ်။

တွဲဖက် လေယာဉ် မှူး တာဝန် ထမ်းစဉ်မှာလည်း မကြာခန ဆိုသလို ဆေးစစ်ခံရပါတယ်။ ဒီအခါ မှာ သာမန် နေမကောင်း ဖြစ်တဲ့ ဆေးမှတ်တမ်း က လွဲပြီး သူများတွေ အပေါ် ရန်ပြုလိုစိတ်၊ သေစေလိုတဲ့ ဆန္ဒ စတာတော့ မတွေ့ရဘူး လို့ ဆိုပါတယ်။ တဖက် က တွေးရင်လည်း ဆရာဝန်တွေ အနေနဲ့ လေယာဉ် ပျက်ကျစေတဲ့ အချိန် က သူ့စိတ်နေစိတ်ထား ကို စစ်ဆေးမှု မပြုမိလိုက်ဘူး လို့ ကောက်ချက်ချနိုင်ကြောင်း အစိုးရ ရှေ့နေ Christoph Kumpa က ရှင်းပြပါတယ်။

Andreas Lubitz ဟာ ၂၀၀၈ ခုနှစ် က Lufthansa လေကြောင်းလိုင်း မှာ လေယာဉ်မှူး သင်တန်း တက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ကျမှ တွဲဖက်လေယာဉ်မှူး ဖြစ်ခဲ့တာပါ။ ၂၀၀၉ ခုနှစ် ကတော့ စိတ်ကျ ရောဂါ ခံစားရတဲ့အတွက် တနှစ်ခွဲခန့် ဆေးကုသမှု ခံယူခဲ့ရ တဲ့ ဆေးမှတ်တမ်း တော့ ရှိခဲ့ ပါတယ်။