အီရန် နျူ ဆွေးနွေးမှု အပြီးမသတ်နိုင်သေး

ဓာတ်ပုံ မူပိုင် AFP
Image caption လိုဇန်းမြို့က Beau-Rivage ဟိုတယ်မှာ ဆွေးနွေးမှုတွေကို တစ်ရက် ထပ်တိုး။

အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှု တွေမှာ အီရန်နဲ့ ရုရှား ကိုယ်စားလှယ် တွေနဲ့ မူဝါဒပိုင်း အကြမ်းဖျင်း သဘောတူမှုတွေ ရှိပေမယ့် အဓိက ကျတဲ့ အချက် အချို့ကို ဆက်လက် ညှိနှိုင်းဖို့ ကျန်သေးတယ်လို့ ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟာမန်းဒ်က ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်အတွက် အင်အားကြီး ၆ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ ဂျာမနီ တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက အီရန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွစ်ဇာလန် နိုင်ငံ၊ လိုဇန်းမြို့မှာ ဆွေးနွေး နေတာ ဖြစ်ပြီး၊ နောက်ဆုံး သတ်မှတ်ရက် အင်္ဂါနေ့ သန်းခေါင် အချိန် ကျော်တဲ့အထိ အပြီး မသတ်နိုင်ခဲ့တဲ့ အတွက် နောက်ထပ် တစ်ရက် တိုးပြီး ဒီနေ့ ဗုဒ္ဒဟူးနေ့မှာ ဆက်လက် ဆွေးနွေး နေတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကလည်း တိုးတက်မှုတွေ ရှိခဲ့ပေမယ့် ခက်ခဲတဲ့ ပြဿနာတွေ ကျန်နေ သေးတယ်လို့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ကတော့ ညှိနှိုင်းမှုတွေ အောင်မြင်ဖို့ လိုအပ်ပြီး၊ မအောင်မြင်ခဲ့ရင် ယခင် ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားမှာ ဖြစ်ကြောင်း သတိပေး ခဲ့ပါတယ်။

အီရန်ကို အနုမြူ လက်နက် မထုတ်လုပ် နိုင်အောင် သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အင်အားကြီး နိုင်ငံတွေက ကန့်သတ်မှုတွေ ထားရှိဖို့ ညှိနှိုင်း နေတာ ဖြစ်ပြီး အပြန်အလှန် အနေနဲ့ အီရန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ