ရွေးကောက်ပွဲ အောင်နိုင်မှုကို ဘူဟာရီ ဂုဏ်ယူ ပြောဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဘူဟာရီကို ထောက်ခံသူတွေ အောင်ပွဲခံနေ။

နိုင်ဂျီးရီးယား သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အတိုက်အခံ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း မူဟာမက်ဒူ ဘူဟာရီက သူ့ရဲ့ အောင်မြင်မှုဟာ နိုင်ဂျီးရီးယား ပြည်သူတွေရဲ့ ဒီမိုကရေစီ အပေါ် ဖက်တွယ် ယုံကြည်မှုနဲ့ အပြောင်းအလဲကို ရွေးချယ်နိုင်မှု ဖြစ်တယ်လို့ ဂုဏ်ယူ ပြောဆို ခဲ့ပါတယ်။

အာဖရိက သမဂ္ဂ ဥက္ကဋ္ဌ Nkosazana Dlamini Zuma ကလည်း ဗိုလ်ချုပ်ကြီးဟောင်း မစ္စတာ ဘူဟာရီ ရွေးကောက်ပွဲ အနိုင် ရရှိမှုဟာ နိုင်ဂျီးရီးယားရဲ့ ဒီမိုကရေစီ စနစ် ရင့်ကျက် လာမှုကို ဖော်ပြရာ ရောက်တယ်လို့ ပြောပါတယ်။

လက်ရှိ သမ္မတ ဂွတ်လပ် ဂျွန်နသန် ကလည်း သူ ရှုံးနိမ့်ခဲ့ကြောင်း အင်္ဂါနေ့က မစ္စတာ ဘူဟာရီကို ဖုန်းဆက်ပြီး ပြောဆို ခဲ့ပါတယ်။ မစ္စတာ ဂျွန်နသန် အနေနဲ့ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပေမယ့် စိတ်ပျက်ခြင်း မရှိကြောင်း သူ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မစ္စတာ ဘူဟာရီကလည်း သမ္မတ ဂျွန်နသန်ဟာ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း စွန့်လွှတ် နိုင်တဲ့ ပြိုင်ဖက်ကောင်း တစ်ယောက် ဖြစ်ကြောင်း ချီးကျူး ပြောဆို ခဲ့ပါတယ်။

မစ္စတာ ဘူဟာရီ အနေနဲ့ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာ အစိုးရသစ် ဖွဲ့ဖို့ ဆောင်ရွက်မှာ ဖြစ်ပြီး မေလကုန် အထိ သမ္မတ ရာထူး လွှဲပြောင်း ရယူမှာ မဟုတ်သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ