အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတို့သဘောတူညီမှုရ

  • 2 ဧပြီ 2015
ran_fm_304x171_ ဓာတ်ပုံ မူပိုင် epa
Image caption အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ တို့ ဟာ ဆွစ်ဇာလန် နိုင်ငံ လိုဇန်းမြို့ မှာ အီရန်ရဲ့ နူကလီးယား အစီအစဉ် အပေါ်မှာ မူအားဖြင့် လိုက်နာရမဲ့ အခြေခံ စည်းကမ်း ဘောင်ထဲ ရောက်တဲ့ သဘောတူညီချက် ကို ရလိုက်ပြီ ဖြစ်တဲ့ အကြောင်း ကို ဘီဘီစီ သတင်းထောက် ဘာဘရာပလက် က ပေးပို့ လိုက်ပါတယ်။

ရှစ်ရက်ကြာတဲ့ အထိ သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးတွေ ဟာ အသည်းအသန်ဆွေးနွေး ကြရာမှ အဖြေတရပ် ထွက်လာခဲ့တဲ့ အတွက် အမေရိကန် သမ္မတ အိုဘားမား က အခု အနေအထားကနေ ပြီးပြည့်စုံ တဲ့ သဘောတူစာချုပ် ကို လာမဲ့ ဇွန်လကုန် မှာ ရေးထိုး နိုင် တဲ့အခါမှာ ကမ္ဘာကြီး ဟာ လည်း ငြိမ်းချမ်းလာမဲ့ အသွင် ဆောင်နေတဲ့ အကြောင်း အိမ်ဖြူတော် မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရ နဲ့ မဟာမိတ် နိုင်ငံတွေ ဟာ အီရန်နဲ့ သမိုင်းဝင် နားလည်မှု ရရှိလိုက်ပြီ ဖြစ်တဲ့ အတွက်၊ နောက်ဆုံး အဆင့် နှစ်ဘက် သဘောတူညီချက် လက်မှတ် ထိုးပြီးသွားပြီ ဆိုရင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုတွေ ကို ကာကွယ် နိုင်တော့ မှာပါ လို့ ပြောသွားတာပါ။

အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် ကလည်း အီရန် အပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေ ကို ဖယ်ရှားရေး လမ်းပွင့်သွားပြီ ဖြစ်လို့ အခု သဘောတူမှု အနေအထား ကို ကြိုဆိုကြောင်း သတင်းထောက်တွေ ကို ပြောပါတယ်။ လုပ်ငန်းစဉ် အပြီးတိုင် နိဂုံးသတ်နိုင်ပြီ ဆိုရင်တော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု၊ ဂုဏ်သိက္ခာ ရှိတဲ့ ဆက်ဆံ မှုတွေ ဟာ ပြဿနာ တွေ ကို အမှန်တကယ် ဖြေရှင်းနိုင်သလို ရှေ့ဆက် လုပ်ကိုင် ဖွယ်ရာတွေ ကိုလည်း ပွင့်လင်းတဲ့ အမြင်သစ် နဲ့ အကောင်အထည် ဖေါ်နိုင်ပါပြီ လို့ ပြောသွားတာပါ။

အခု ပြောကြားချက်တွေ အတိုင်း လက်တွေ့ အကောင်အထည် ဖေါ်နိုင်ကြပြီ ဆိုရင် အီရန် အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ အပြင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က ဆုံးဖြတ်ချက်တွေပါ ဖယ်ရှားနိုင်ပါပြီ။ ဒါပေမဲ့ လုပ်စရာ တွေ ကတော့ ကျန်ပါသေးတယ်။ လာမဲ့ ဇွန်လကုန် မှာ အပြီးသတ် သဘောတူစာချုပ် ရေးထိုးနိုင်ရေး ကို သံတမန်တွေ နဲ့ ကျွမ်းကျင်သူ ပညာရှင် တွေ အာရုံစိုက် လုပ်ကိုင်ဖွယ်ရာ တွေ ရှိနေပါသေးတယ်။ ပိတ်ဆို့မှု ကို လည်း အခု ဖယ်ရှားပေးဦး မှာ မဟုတ်ပဲ နောက်ဆုံး သဘောတူ စာချုပ် ရေးထိုးပြီး တဲ့ အထိ ချမှတ်ထားဦး မှာ ဖြစ်တဲ့ အကြောင်း သိရပါတယ်။