အီရန် နျူ ဆွေးနွေးမှု ဒုတိယရက် ထပ်တိုး

ဓာတ်ပုံ မူပိုင် epa
Image caption ရှုပ်ထွေးတဲ့ အသေးစိတ် အချက်တွေကို ညှိနှိုင်းဆဲ။

အီရန် နျူကလီးယား အစီအစဉ် အတွက် ဆွေးနွေးမှုတွေ သတ်မှတ် ရက်ထက် ကျော်လွန် ခဲ့သည့်တိုင် သဘော တူညီချက် မရသေးတဲ့အတွက် ၂ ရက် ထပ်တိုး ခဲ့ရပြီး၊ ဒုတိယ ထပ်တိုးရက် ဖြစ်တဲ့ ဒီကနေ့ ကြာသပတေး နေ့မှာလည်း တိုးတက်မှုတွေ ရှိပေမယ့် အပြီးသတ် သဘောတူညီချက် မရနိုင်သေးဘူးလို့ သိရပါတယ်။

ဆွစ်ဇာလန် နိုင်ငံ၊ လိုဇန်း မြို့က ဆွေးနွေးမှုတွေကို ဗုဒ္ဓဟူးနေ့ ညက ညလုံးပေါက် ပြုလုပ် ခဲ့ပြီးနောက် ကြာသပတေးနေ့မှာ ၃ နာရီသာ ရပ်နားခဲ့ပြီး အခု ပြန်လည် စတင် ညှိနှိုင်း နေကြပါပြီ။

ဆွေးနွေးမှုတွေမှာ ယေဘုယျ သဘောတူညီချက်တွေ ရခဲ့ပေမယ့် ရှုပ်ထွေးတဲ့ အသေးစိတ် အချက်တွေကို ညှိနှိုင်း နေရဆဲ ဖြစ်လို့ နှောင့်နှေး နေရတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်အတွက် အင်အားကြီး ၆ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ ဂျာမနီ တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက အီရန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ လိုဇန်းမြို့မှာ ဆွေးနွေး နေတာ ဖြစ်ပြီး၊ နောက်ဆုံး သတ်မှတ်ရက် မတ်လ ၃၁ ရက်နေ့ အထိ သဘောတူညီချက် မရခဲ့ဘဲ ထပ်တိုးရက် ဒုတိယမြောက်နေ့ကို ရောက်ရှိ လာတာ ဖြစ်ပါတယ်။

အီရန်ကို အနုမြူ လက်နက် မထုတ်လုပ် နိုင်အောင် သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ကန့်သတ်မှုတွေ ထားရှိဖို့ အင်အားကြီး နိုင်ငံတွေက ညှိနှိုင်း နေတာ ဖြစ်ပြီး အပြန်အလှန် အနေနဲ့ အီရန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ