ရုရှား ငါးဖမ်းသင်္ဘာကြီး နစ်မြုပ်၊ ၅၄ ဦးသေ

  • 2 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ သင်္ဘာသား ဘယ်နှယောက် သေဆုံးသလဲ ဆိုတာ မသိရသေး။

မြန်မာ သင်္ဘာသား တချို့ အလုပ်လုပ်နေတဲ့ Dalniy Vostok ငါးဖမ်းသင်္ဘောကြီး ရုရှား နိုင်ငံ၊ ကမ်ချတ်ကာ ကျွန်းဆွယ် အနီး နစ်မြုပ်ခဲ့ရာမှာ သင်္ဘောသား ၅၄ ယောက် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေ ထဲမှာ သင်္ဘော ကပ္ပတိန်လည်း ပါဝင်ပါတယ်။

ရုရှ၊ မြန်မာ နဲ့ လတ်ဗီးယား၊ ယူကရိန်း နိုင်ငံတို့က သင်္ဘောသားတွေ အပါအဝင် လူ ၁၃၂ ယောက်လိုက် ပါလာတဲ့ အဲဒီ သင်္ဘောပေါ်က ၆၃ ယောက်ကို ကယ်ဆယ် နိုင်ခဲ့ပြီး ၁၅ ယောက် ပျောက်ဆုံး နေပါတယ်။

မြန်မာ နိုင်ငံသား ၄၂ ယောက် နဲ့ ပတ်သက်တဲ့ အသေအပျောက်၊ ကယ်ဆယ်နိုင်မှု အခြေ အနေတွေကိုတော့ မသိရသေး ပါဘူး။

မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း အလုပ်သမာများ အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးတင်ကိုကိုသက်ကတော့ မြန်မာ သင်္ဘောသားတွေနဲ့ ပတ်သက်လို့ သူတို့ကို အကြောင်းကြားတာ မရှိ သေးဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံက သင်္ဘော အေဂျင်စီတွေ အနေနဲ့ သင်္ဘောသားတွေကို ငါးဖမ်း သင်္ဘောတွေမှာ တရားဝင် လုပ်ခွင့် ပေးထားတဲ့ အတွက် အခု အခြေ အနေကို သူတို့ သိရဖို့ ခက်လိမ့်မယ် လို့လည်း ဦးတင်ကိုကိုသက် ကပြောပါတယ်။

သင်္ဘော မှောက်တဲ့ ပင်လယ်ပြင်ထဲမှာ ရေခဲမှတ်ထိ အေးနေပြီး နှင်းကျ နေသလို၊ လေတွေ လှိုင်းတွေကလည်း ၁ဝ ပေ လောက်ထိ မြင့်တက် ပြင်းထန် တဲ့ အတွက် ကယ်ဆယ်ရေး အခြေအနေက အတော်လေး ခက်နေပါတယ်။

ဒါကြောင့် ဒီနေရာမှာ ရေထဲ ကျသွားရင် မိနစ် ၂ဝ လောက်ထိပဲ အသက်ရှင်ဖို့ လမ်းစ ရှိတယ်လို့ မသေဘဲ ကျန်တဲ့သူ တွေ ဘက်က ပြောပါတယ်။

ရုရှ အရှေ့ဖျား သယ်ယူပို့ဆောင်ရေး ဌာနက ပြောခွင့်ရ Yelena Barsukova က သင်္ဘောပေါ်မှာ အသက်ကယ် ပစ္စည်း အပြည့်အစုံ ပါမပါနဲ့ ကယ်ဖို့ အချိန်မီ အချက်ပြခဲ့ သလား ဆိုတာတွေကို စုံစမ်းနေတယ်လို့ ပြောပါတယ် ။

ဒါ့အပြင် သင်္ဘောသားတွေရဲ့ အရည်အချင်းနဲ့ သင်္ဘောကို ထွက်ခွင့်ပေးတဲ့ အာဏာပိုင် တွေကိုလည်း စုံစမ်းဖို့ ရှိ ပါတယ်လို့ သူက ပြောပါတယ်။

ပင်လယ်ထဲ မျောနေတဲ့ ရေခဲတုံးနဲ့ တိုက်မိပြီး သင်္ဘောဗိုက်ပေါက်သွားတာ ဖြစ်နိုင်တယ်၊ သင်္ဘော စက်ခန်းထဲ ရေဝင်ပြီး ၁၅ မိနစ် အတွင်း သင်္ဘော မြုပ်သွားခဲ့တာဖြစ်ပြီး လို့ ကယ်ဆယ်ရေး ဌာနက ယူဆ ပါတယ်။

တန်တစ်ရာ လေးတဲ့ ငါးဖမ်းပိုက် နဲ့ ဖမ်းနေတုန်း သင်္ဘောထဲ ရေဝင်နစ်မြုပ်တာ လို့ ကမ်ချက်ကာ ကျွန်းဆွယ်က အရာရှိ တယောက်က ပြောတယ် လို့လည်း တက်စ် သတင်းဌာနက ရေးပါတယ်။

သင်္ဘော တင်ဆောင်ရမယ့် ကုန်အလေးချိန်ထက် ပိုပြီး တင်ဆောင်တာ ရှိနိုင်တယ်လို့လည်း ခန့်မှန်းနေကြ ပါတယ်။

ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၁၅ ယောက် သင်္ဘော ဝမ်းခေါင်းထဲမှာ ပါသွားနိုင်တယ်လို့ တက်စ် သတင်း ဌာနက ရေးသား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ