ထိုင်း မာရှယ်လော အစားထိုးမှု ကုလ စိုးရိမ်

ဓာတ်ပုံ မူပိုင် epa
Image caption အစားထိုးတဲ့ ဥပဒေသစ်မှာ ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့်တွေ ပိုမို ပေးထား။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ဥပဒေ မာရှယ်လောကို ရုပ်သိမ်း လိုက်ပေမယ့် ပိုမို တင်းကျပ်တဲ့ အရေးပေါ် စီမံချက်တွေနဲ့ အစားထိုး အုပ်ချုပ်ဖို့ ထိုင်း စစ်အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ် စိုးရိမ် မကင်း ဖြစ်မိကြောင်း ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad Al Hussein က ပြောလိုက်ပါတယ်။

ထိုင်း စစ်ဗိုလ်ချုပ်တွေ အနေနဲ့ ပြီးခဲ့တဲ့ နှစ် မေလက အာဏာသိမ်းပြီး နောက်ပိုင်း ကတိပေး ထားခဲ့တဲ့ အတိုင်း အရပ်ဖက် အုပ်ချုပ်ရေးကို ပြန်လည် ထူထောင် ကြဖို့လည်း သူက တိုက်တွန်း လိုက်ပါတယ်။

ထိုင်း စစ်အစိုးရက ၁၀ လတာ ကျင့်သုံးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းကြောင်း ဧပြီ ၁ ရက်နေ့က ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်အရ အစားထိုး ကျင့်သုံးမယ့် လုံခြုံရေး ဥပဒေသစ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယု ချန်အိုချာ ရယူထားတဲ့ ဝန်ကြီးချုပ် နေရာကို လုပ်ပိုင်ခွင့်တွေ အကန့်အသတ်မဲ့ ပေးထား ပါတယ်။

ဒီ လုံခြုံရေး ဥပဒေသစ်မှာ လူ ၅ ဦး အထက် စုဝေးရင် ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မ ဆက်လက် ပါဝင်နေတဲ့ အတွက် လွတ်လပ်စွာ စုရုံး လှည့်လည်ခွင့်ကို ပြင်းပြင်းထန်ထန် ကန့်သတ် ထားဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ