အီရန်ဖက်ကတော့ လှည့်ဖြားဖို့ အကြောင်းမရှိလို့ပြော

  • 3 ဧပြီ 2015
_hassan_rouhani_ ဓာတ်ပုံ မူပိုင် AFP
Image caption အီရန်သမ္မတ ဟာဆန်ရူဟာနီ

အီရန်နိုင်ငံ မှာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ကြောင့် ရေနံအခြေပြုတဲ့ စီးပွားရေးပိုင်း မှာ နစ်နာဆုံးရှုံးမှု တွေ ရှိခဲ့ရာ က ပြီးခဲ့တဲ့ ရက် က ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ နဲ့ အီရန် တို့ နျူကလီးယား အစီအစဉ် နဲ့ ပတ်သက်တဲ့ မူဘောင် တရပ် ကို သဘောတူလိုက်နိုင်ကြတဲ့ အတွက် ပြည်တွင်း ပြည်ပ ရှိ အီရန်လူမျိုးတွေ ဝမ်းသာ နေကြ ပါတယ်။

အီရန် သမ္မတ ဟာဆန် ရူဟာနီ ကလည်း နိုင်ငံတွင်း ယူရေနီယမ် သန့်စင်မှု ပြုပိုင်ခွင့် ဟာ တခြားနိုင်ငံ တွေ ကို ခြိမ်းခြောက်ရာ မရောက်ပါဘူး ဆိုတဲ့ အချက် ကို ပြောနိုင်ခဲ့တဲ့ အတွက် နောက်ဆုံးအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အချိန်တိုင်အောင် အီရန်ဘက် က စောင့်စည်းမှာ ဖြစ်သလို တခြားနိုင်ငံတွေ ဘက် ကလည်း အလေးအနက်ထားဖို့ လိုကြောင်း ရုပ်မြင်သံကြား မှတဆင့် မိန့်ခွန်းပြောသွားပါတယ်။

ဒါ့အပြင် အီရန် ဘက်ကတော့ လှည့်ဖြားဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုတာ ကို တကမ္ဘာလုံး သိဖို့ လိုတဲ့ အကြောင်း၊ ပေးတဲ့ ကတိ ကို တည်မှာ ဖြစ်ပြီး အီရန် နိုင်ငံ ရဲ့ အကျိုးစီးပွား ဘောင်ထဲ ကပဲ ဆောင်ရွက်စရာ ရှိတာကို ကတိပေးထားတဲ့ အတိုင်း လုပ်ကိုင်မှာ ဖြစ်တဲ့ အတွက် နှစ်ဘက်စလုံး ဟာ ပေးထားတဲ့ ကတိကဝတ် တွေ ကို စောင့် ထိန်းဖို့ လိုပါတယ် လို့ ပြောသွားတာပါ။

အီရန်ဟာ သူပေးခဲ့တဲ့ ကတိ အတိုင်းဆိုရင် ယူရေနီယမ် သန့်စင်မှု ကို လျှော့ချပေးရမှာ ဖြစ် သလို၊ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ရှိ ပလူတိုနီယမ် ကိုလည်း ထုတ်လုပ်ရမှာ မဟုတ်တော့ ပါဘူး။ ဒီ အဆင့် တွေ လိုက်နာမှု ရှိမရှိ ဆိုတာကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ အိုင်အေအီးအေ ကလည်း စောင့်ကြည့် လေ့လာမယ် လို့ သိရပါတယ်။

အိုင်အေအီးအေ မှ ညွှန်ကြားရေးမှူးချုပ် ယူကီယ အမာနို က ဘီဘီစီ ကို ရှင်းပြရာမှာ သူတို့ အဖွဲ့အနေနဲ့ အီရန် ရဲ့ နျူကလီးယား ဆိုင်ရာ ဆောင်ရွက်မှု တွေ ကို အတိအကျ သိရမယ့် နည်းလမ်းတွေ ရှိ ဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့လည်း အီရန် ဟာ ပြည်တွင်း ဆေးဘက်ဆိုင်ရာ နဲ့ စိုက်ပျိုးရေး ကဏ္ဍတွေ မှာ အသုံးချမယ် ဆိုရင်တော့ ဒါကို နားလည်ပေးဖို့ လိုပါတယ် လို့ ပြောသွားပါတယ်။

ဘီဘီစီ သတင်းထောက် လိစ်ဒူးဆက် ကတော့ အီရန်နိုင်ငံခြားရေး ဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ် ဆောင်ရွက်ချက် ကို နိုင်ငံသားတွေ က ကြိုဆိုကြပေမဲ့ အီရန် အစိုးရ အဖွဲ့ အတွင်းက အမာခံ အုပ်စု တွေ ကတော့ အီရန် ဟာ အလျှော့ပေး အညံ့ခံရာ ရောက်လွန်းတယ် အီရန် ဘက်က အများကြီး ပေးဆပ်လိုက်ရပြီး၊ ပြန်ရမဲ့ အပိုင်းက နည်းလွန်းတယ် လို့ ပြောတဲ့ အကြောင်း သတင်းပေးပို့ လိုက်ပါတယ်။