ကင်ညာ တိုက်ခိုက်မှုအတွင်း သေဆုံးသူ အနည်းဆုံး ၁၇၄ဦးရှိ

  • 3 ဧပြီ 2015
ဓာတ်ပုံ မူပိုင်
Image caption ခရစ်ယာန်တွေကို ရွေးထုတ်ပြီး သေနတ်သမားတွေက ပစ်သတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြ

ကင်ညာနိုင်ငံ အရှေ့ပိုင်းက တက္ကသိုလ် တခုမှာ အယ်လ် ရှာဘာ့ဘ် ဆိုမာလီ လက်နက်ကိုင်အဖွဲ့ ရဲ့ စီးနင်း တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၁၄၇ဦး သေဆုံးသွားတယ်လို့ ကင်ညာ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

မနေ့မနက် လင်းအားကြီးအချိန်မှာ လက်နက်တွေ အပြည့် ကိုင်ဆောင်ထားတဲ့ သေနတ်သမားတွေက ဂါရစ်ဆာမြို့က တက္ကသိုလ်ဝန်းထဲ စီးနင်း ဝင်ရောက်ခဲ့တာပါ။

သေနတ်သမားတွေဟာ အသေခံဗုံးခွဲ အင်္ကျီတွေ ဝတ်ထားပြီး ၁၃နာရီကြာလောက် တက္ကသိုလ်ဝန်းထဲ မွှေနှောက် ရှာဖွေခဲ့ပြီး ခရစ်ယာန်တွေကို ရွေးထုတ် ပစ်သတ်ခဲ့ပါတယ်။

နောက်ဆုံးမှာ သေနတ်သမားတွေကို အဆောင်ခန်းမတခုထဲမှာ ဝိုင်းထားနိုင်ခဲ့ပြီး ကင်ညာ လုံခြုံရေး တပ်ဖွဲ့တွေက ဝင်ရောက် ချေမှုန်းနိုင်ခဲ့ပါတယ်။

အဆုံးသတ် တိုက်နေတုန်းမှာ သေနတ်သမားတွေက သူတို့ရဲ့ အသေခံ ဗုံးခွဲ အင်္ကျီကို ဗုံးခွဲ ခဲ့တဲ့အတွက် ပေါက်ကွဲမှုကြီးတွေ ဖြစ်ခဲ့တယ်လို့ ရဲတွေက ပြောပြပါတယ်။

သေနတ်သမားတွေကို ရှာဖွေ ချေမှုန်းမှု ပြီးဆုံးသွားပြီ ဖြစ်ပြီး သေနတ်သမား ၄ဦး သေဆုံးသွားတယ်လို့ ကင်ညာ အစိုးရက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်ခဲ့တယ် ဆိုတဲ့ ကင်ညာ ကျောင်းဆရာဟောင်းတဦးကို ဖမ်းမိရင် ဆုငွေ ချီးမြှင့်မယ်လို့ ကမ်းလှမ်းထားပါတယ်။