အင်တာဗျူး ရုပ်ရှင် အခွေတွေ မြောက်ကိုရီးယားထဲ ပို့လွှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယား ဘက်က မိုးပျံ ပူဖောင်းတွေနဲ့ ပစ်လွှတ်နေမှုကို မြောက်ကိုရီးယားက ဒေါသထွက်။

မြောက်ကိုရီးယား ခေါင်းဆောင်ကို သရော်ထားတဲ့ The Interview ရုပ်ရှင် ဒီဗီဒီ အခွေ အတော်များများကို တောင်ကိုရီးယားက လှုပ်ရှားသူ တစ်ဦးက မြောက်ကိုရီးယား နိုင်ငံထဲကို မိုးပျံ ပူးဖောင်းနဲ့ ချည်ပြီး ပစ်လွှတ် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ Interview ရုပ်ရှင် ဒီဗီဒီ အခွေတွေကို အမေရိကန် ဒေါ်လာ အချို့နဲ့ အတူ မိုးပျံ ပူဖောင်းတွေမှာ ချည်နှောင်ပြီး ညပိုင်း အချိန်တွေမှာ လွှတ်တင် ခဲ့ရာမှာ ၄ ကြိမ် ရှိသွားပြီလို့ မစ္စတာ Lee Min-bok က ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင် ဂျုံအန်းကို စီအိုင်အေက လုပ်ကြံပုံ အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူး ထားတဲ့ အဲဒီ ဟာသ ရုပ်ရှင်ဟာ ပြုံယမ်းကို ဒေါသ ထွက်စေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်တဲ့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီက ကွန်ပျူတာ တွေလည်း ချိုးဖောက် ဝင်ရောက် ခံခဲ့ရသလို ပြသမယ့် ရုပ်ရှင်ရုံ တွေလည်း ခြိမ်းခြောက် ခံခဲ့ရပါတယ်။

မြောက်ကိုရီးယား ကနေ တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံသူ ဖြစ်တဲ့ မစ္စတာ Lee Min-bok ကတော့ အခုချိန်အထိ အဲဒီ ဒီဗီဒီ အခွေ ထောင်နဲ့ချီပြီး မြောက်ကိုရီးယား ဘက်ကို ပို့လွှတ် နိုင်ခဲ့ပြီလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ