လူသတ်မှုနဲ့ အမေရိကန် ရဲအရာရှိကို စွဲချက်တင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ထွက်ပြေး သွားတဲ့ လူမည်းကို နောက်ကျောကနေ ပစ်ခတ်တဲ့ ဗီဒီယိုကြောင့် ရဲအရာရှိကို စွဲချက်တင်။

အမေရိကန် နိုင်ငံ၊ တောင်ပိုင်း ကော်ရိုလိုင်းနား ပြည်နယ်မှာ လူမည်း တစ်ဦးကို သေနတ်နဲ့ ပစ်သတ် ခဲ့တဲ့ လူဖြူ ရဲအရာရှိ တစ်ယောက်ကို လူသတ်မှုနဲ့ စွဲချက် တင်လိုက်ပါတယ်။

ထွက်ပြေး သွားတဲ့ လူမည်း တစ်ဦးကို Michael Slager ဆိုသူ ရဲအရာရှိက သေနတ်နဲ့ ပစ်ခတ်တဲ့ ဗွီဒီယို မှတ်တမ်း ထွက်လာ ပြီးတဲ့နောက် အဲဒီ ရဲအရာရှိကို စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ် နေတာကို မိုဘိုင်းဖုန်းနဲ့ ရိုက်ထားတဲ့ ဗွီဒီယို ကြည့်ပြီးတဲ့နောက် ပြည်နယ် စစ်ဆေးရေး အရာရှိတွေက North Charleston မြို့ ရဲအရာရှိဖြစ်သူ Michael Slager ကို ဖမ်းဆီး ခဲ့တာပါ။

သေဆုံး သွားတဲ့ လူမည်းဖြစ်သူ Walter Lamer Scott ဟာ ရဲအရာရှိက သေနတ်နဲ့ သေချာ ချိန်ပြီးမှ ပစ်ခတ် ခံရတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

North Charleston မြို့တော်ဝန် Keith Summey ကတော့ အမှား ပြုလုပ်သူဟာ လမ်းပေါ်က သာမန် အရပ်သားပဲ ဖြစ်ဖြစ်၊ ရဲအရာရှိပဲ ဖြစ်ဖြစ် အဲဒီ အမှားကို ရင်ဆိုင် သွားရမှာပဲလို့ ပြောကြားခဲ့ပါတယ်။

ဒီအမှုကို အမေရိကန် တရားရုံးက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ