ပြင်သစ် ရုပ်သံဌာနကို IS အဖွဲ့က ဆိုက်ဘာ တိုက်ခိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption ပုံမှန် ပြန်လည် ထုတ်လွှင့်နိုင်ဖို့ ရုန်းကန် နေရဟု ဆို။

ပြင်သစ် နိုင်ငံက နိုင်ငံတကာ ရုပ်သံလွှင့် ဌာနကြီး ဖြစ်တဲ့ TV5Monde ကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကလို့ ဆိုတဲ့ ဟက်ကာတွေက ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အတွက် သူတို့ရဲ့ ရုပ်သံလွှင့် လိုင်းတွေ အားလုံး ပုံမှန် ပြန်လည် ထုတ်လွှင့်နိုင်ဖို့ ရုန်းကန် ကြိုးစား နေရပါတယ်။

သူတို့ရဲ့ ရုပ်သံလွှင့် ဌာန၊ ဝက်ဘ်ဆိုက်နဲ့ လူမှု ကွန်ရက် အကောင့်တွေပါ တိုက်ခိုက် ခံခဲ့ရတယ်လို့ TV5Monde က ပြောပါတယ်။

တိုက်ခိုက်မှု စတင်ပြီး ၂ နာရီ ကြာမှ သူတို့ရဲ့ အွန်လိုင်း ထုတ်လွှင့်မှု အများစုကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ ပမာဏ ကြီးမားပြီး အရင်က မကြုံဖူးတဲ့ အတိုင်းအတာ ဖြစ်တယ်လို့ TV5Monde ရဲ့ ဒီဂျစ်တယ် ညွှန်မှူး Helene Zemmour က ပြောပါတယ်။

သူတို့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ တိုက်ခိုက် ခံရပြီးနောက် တင်ထားတဲ့ ပို့စ် တစ်ခုမှာတော့ 'CyberCaliphate အဖွဲ့ အနေနဲ့ အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ရဲ့ ရန်သူတွေ အပေါ် ဆိုက်ဘာ ဂျီဟတ် ဆက်လက် ဆင်နွှဲသွားမယ်' လို့ ရေးထားပါတယ်။

TV5Monde ရဲ့ လူမှု ကွန်ရက် ပရိုဖိုင်း ဓာတ်ပုံတွေကိုလည်း မျက်နှာဖုံးစွပ် အစ္စလာမ္မစ် စစ်သွေးကြွ ပုံတွေနဲ့ အစားထိုးတာ ခံခဲ့ရပါတယ်။

ပြင်သစ် နိုင်ငံဟာ အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့ အပေါ် လေကြောင်း စစ်ဆင်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှာ တစ်နိုင်ငံ အပါအဝင် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ