မလေးရှား အကြည်ညိုပျက်စေမှု ဥပဒေ ပြစ်ဒဏ် ထပ်တိုး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီဥပဒေဟာ နိုင်ငံ တည်ငြိမ်ရေး အတွက် ဖြစ်တယ်လို့ ဝန်ကြီးချုပ် နာဂျစ်က ပြော။

မလေးရှား နိုင်ငံမှာ အငြင်းပွားဖွယ်ရာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေကို ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ လွှတ်တော်က ပြင်ဆင်ချက် ထည့်သွင်း လိုက်ပါတယ်။

အခုလို ပြင်ဆင် ထည့်သွင်းချက်တွေ အရ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ ထောင် အနှစ် ၂ဝ လောက်ထိ ပြစ်ဒဏ်တွေ ချလို့ ရပါတယ်။

ကိုလိုနီခေတ် ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အဲဒီ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေကို အတိုက်အခံ လှုပ်ရှားသူတွေကို ဖိနှိပ်ဖို့အတွက် သုံးနေတာ ဖြစ်တယ်လို့ အတိုက်အခံတွေ ဘက်က ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်ကတော့ နိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် ထိန်းထိန်း သိမ်းသိမ်း ရှိဖို့ လိုတယ်လို့ ပြောပါတယ်။

ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ အစကတည်းက မကောင်းတဲ့ ဥပဒေဟာ အခုလို ပြင်ဆင်ချက် တွေကြောင့် ပိုဆိုးသွားပြီလို့ ပြောပါတယ်။

အချိန် အကန့်အသတ် မရှိ ချုပ်နှောင် နိုင်တဲ့ အကြမ်းဖက်မှု တားဆီးရေး ဥပဒေကို မလေးရှား လွှတ်တော်က အတည်ပြုပြီး ရက်ပိုင်း အတွင်းမှာ ဒီဥပဒေကို ပြင်ဆင်ချက်တွေ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ