ပနားမားမှာ အိုဘားမားနဲ့ ကက်စထရို တွေ့ဖို့ရှိ

  • 10 ဧပြီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပနားမားကို ရောက်ရှိနေတဲ့ အိုဘာမား၊ ကက်စထရိုနဲ့ တွေ့ဖို့ရှိ။

ပနားမား မြို့တော်မှာ အမေရိက တိုက်က ခေါင်းဆောင်တွေရဲ့ သမိုင်းဝင်မယ့် ထိပ်သီး ညီလာခံကို တက်ရောက်ဖို့ အတွက် အမေရိက မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းက ကိုယ်စားလှယ် အဖွဲ့တွေ ရောက်ရှိ နေကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရော့ဒရီဂက်စ် တို့ ပနားမား မြို့တော်မှာ ဒီကနေ့ တွေ့ဆုံ ခဲ့ကြပြီး ဒါဟာ နှစ်ပေါင်း ၅ဝ ကျော် အတွင်း ပထမဆုံး အဖြစ် နှစ်နိုင်ငံ အဆင့်မြင့် အကြီးအကဲတွေ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။

အရင်က ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ ကျူးဘား သမ္မတ ကက်စထရို တို့လည်း နှစ်နိုင်ဆက်ဆံရေး တင်းမာမှုတွေ ပြေလျော့ လာခဲ့ပြီးနောက် အခု အမေရိက ထိပ်သီး ညီလာခံမှာ တွေ့ဆုံပြီး လက်ဆွဲ နှုတ်ဆက် ကြဖို့ ရှိပါတယ်။

သူတို့ နှစ်ဦးဟာ ၂၀၁၃ ခုနှစ်က မင်ဒဲလားရဲ့ စျာပနမှာလည်း တွေ့ဆုံ ခဲ့ဖူးပြီး လက်ဆွဲ နှုတ်ဆက် ခဲ့ကြဖူးပါတယ်။

ဒါပေမယ့် အခု ပနားမား မြို့တော်မှာ သူတို့နှစ်ဦး လက်ဆွဲ နှုတ်ဆက် ကြမယ့် အခိုက်အတံ့ ကိုတော့ သတင်း ဓာတ်ပုံ ဆရာတွေက အထူးတလည် စောင့်ဆိုင်း နေကြပါတယ်။

အစောပိုင်းကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကျူးဘားကို အကြမ်းဖက်ဝါဒကို အားပေးတဲ့ နိုင်ငံတွေ စာရင်းထဲကနေ ပယ်ဖျက်ဖို့ ထောက်ခံချက် ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ