အီတလီနိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်သူ အလွန် များလာ

  • 13 ဧပြီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ၃ ရက်အတွင်း လူ ငါးထောင့် ငါးရာကို ကယ်တင်ခဲ့ရ။

မြေထဲပင်လယ်ကို ဖြတ်ပြီး အီတလီ နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူ အရေအတွက် အလွန့်အလွန် များပြား လာတယ်လို့ အီတလီ ကမ်းခြေစောင့် အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးရက် အတွင်းမှာ လူပေါင်း ငါးထောင့် ငါးရာကို ကယ်တင်ခဲ့ရပြီး တနင်္ဂနွေနေ့ တစ်ရက်တည်း မှာတင် ပင်လယ်ထဲ သွားလာဖို့ စိတ်မချရတဲ့ စက်လှေ ၂၂ စီးကို ထိန်းသိမ်း ကယ်တင် ခဲ့ရတယ်လို့ အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူ ၁၅၀ ကျော်ကို တင်ဆောင် လာတဲ့ သင်္ဘော တစ်စီး ဆိုရင် လစ်ဗျား ကမ်းခြေ ကနေ ကီလိုမီတာ ၁၂၀ အကွာမှာ တိမ်းမှောက် သွားခဲ့တဲ့ အတွက် အဲဒီ သင်္ဘောပေါ်က လူ ၁၄၀ ကျော်ကို ကယ်တင် ခဲ့ရပြီး အလောင်း ၉ လောင်း ရရှိခဲ့ပါတယ်။

အခုလို နွေဦးရာသီ ရောက်ရှိချိန်မှာ ပင်လယ်ပြင် ရာသီဥတု အခြေအနေ ပိုကောင်း လာတဲ့အတွက် ရွှေ့ပြောင်း ဝင်ရောက်သူတွေ ပိုမို များပြား လာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ