ဂျပန် ဓာတ်ပေါင်းဖိုတွေ ပြန်မစဖို့ တရားရုံး တားမြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption တာကာဟာမာ နျူစက်ရုံက ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးလို့ တရားရုံးက ပြော

ဂျပန် နိုင်ငံ အနောက်ပိုင်း၊ တာကာဟာမာ မြို့က နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခု ပြန်လည်ပတ်မယ့် အစီအစဉ်ကို ခရိုင် တရားရုံးက အမိန့်ထုတ်ပြန် တားမြစ် လိုက်ပါတယ်။

အဲဒီ တာကာဟာမာ မြို့က နျူကလီးယား စက်ရုံ ပြန်လည်ပတ်ဖို့ အတွက် ဂျပန် နျူကလီးယား ထိန်းသိမ်း စောင့်ကြည့်ရေး အဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရထားပြီးသား ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်းထန်တဲ့ ငလျင်ဒဏ်ကို အဲဒီ စက်ရုံ ခံနိုင်မှာ မဟုတ်ကြောင်း ဒေသခံတွေက ကန့်ကွက် ပြောဆိုပြီး စက်ရုံ ပြန်ဖွင့်မှာကို တားမြစ်ပေးဖို့ အတွက် ဖူကွီ ခရိုင် တရားရုံးမှာ အသနားခံ လျှောက်ထား ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီးယား မတော်တဆမှု ဖြစ်ခဲ့ပြီးနောက် ဂျပန်မှာ နျူကလီးယား ဓာတ်ပေါင်းဖို ၄၈ ခုကို ပိတ်ထား ခဲ့ပါတယ်။

အခုလို တရားရုံးရဲ့ တားမြစ် ပိတ်ပင်မှုဟာ ဓာတ်ပေါင်းဖိုတွေ ပြန်လည်ပတ် စေချင်နေတဲ့ ဂျပန် အစိုးရ အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်တယ်လို့ တိုကျိုက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခုလို နျူ ဓာတ်ပေါင်းဖိုတွေ ပိတ်ထားရတဲ့ အတွက် ပါဝါ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပြည်ပကနေ တွင်းထွက် လောင်စာတွေ တင်သွင်း နေရတာကြောင့် ဂျပန်ရဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးကို ပိုမို ဆိုးရွားစေတယ်လို့ ဝန်ကြီးချုပ် ရှင်ဇို အဘေးက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ