နိုင်ဂျီးရီးယား မိန်းကလေးတွေ အဖမ်းခံရမှု တစ်နှစ်ပြည့်

ဓာတ်ပုံ မူပိုင် AFP
Image caption အဖမ်းခံခဲ့ရတဲ့ မိန်းကလေး အချို့ကို ၂၀၁၄ ခုနှစ် မေလမှာ ဘိုကိုဟာရမ် အဖွဲ့က ထုတ်တဲ့ ဗီဒီယိုထဲမှာ တွေ့မြင်ခဲ့ရ။

နိုင်ဂျီးရီးယား နိုင်ငံ၊ ချီဘော့ခ် မြို့နယ်က မိန်းကလေးငယ် ၂၀၀ ကျော် ဘိုကိုဟာရမ် အစ္စလာမ္မစ် အဖွဲ့ရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရမှု အတွက် တစ်နှစ်ပြည့် အမှတ်ရ အခမ်းအနား တွေကို ကမ္ဘာ့ နိုင်ငံ အနှံ့အပြားမှာ ပြုလုပ် နေကြပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် အဘူဂျာမှာ ပြုလုပ်တဲ့ ပွဲမှာတော့ မိန်းကလေး ၂၁၉ ယောက်က ပျောက်ဆုံး သွားသူတွေကို ကိုယ်စားပြုတဲ့ အနေနဲ့ အထိမ်းအမှတ် ပွဲမှာ ပါဝင် ခဲ့ပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း၊ ချီဘော့ခ် မြို့နယ်က မိန်းကလေးငယ်တွေ ဖမ်းဆီးခံခဲ့ရမှုကြောင့် တစ်ကမ္ဘာလုံးကို ဒေါသ ဖြစ်စေခဲ့ပြီး သူတို့ကို ပြန်လည် ရှာဖွေနိုင်ဖို့ အမေရိကန်နဲ့ တရုတ် နိုင်ငံ တို့က ကူညီမယ်လို့ ကတိပြုထား ကြပါတယ်။

အသစ် ရွေးကောက် ခံထားရတဲ့ သမ္မတသစ် မူဟာမက်ဒူ ဘူဟာရီ ကတော့ မိန်းကလေး တွေကို ရှာဖွေဖို့ အတွက် အစွမ်းရှိသမျှ လုပ်ဆောင်မယ်လို့ ပြောထား ပေမယ့် သူတို့ အထဲက အချို့ကတော့ ပြန်တွေ့နိုင်ဖို့ အလားအလာ မရှိကြောင်း ဝန်ခံ ထားပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ကတော့ အဲဒီ မိန်းကလေးတွေ အားလုံး အစ္စလာမ် ဘာသာကို ကူးပြောင်းခဲ့ပြီး လက်ထပ် သွားကြပြီလို့ ပြောပါတယ်။

၂၀၁၄ နှစ်ဆန်းပိုင်းက စပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ စုစုပေါင်း အရေအတွက် နှစ်ထောင်ကျော် ဘိုကိုဟာရမ် အဖွဲ့ရဲ့ အဓမ္မ ခေါ်ဆောင်သွားခြင်း ခံခဲ့ရတယ်လို့ ခန့်မှန်း ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ