ကျူးဘားကို အကြမ်းဖက် အားပေးတဲ့ စာရင်းက ပယ်ဖို့ ကန် ဆုံးဖြတ်

  • 14 ဧပြီ 2015
obama cuba ဓာတ်ပုံ မူပိုင် Reuters
Image caption ကုန်သွယ်ရေး ပိတ်ဆို့မှု ဆက်ထားရှိမယ်

အမေရိကန် သမ္မတ အိုဘားမား ဝါရှင်တန်က ကျူးဘားကို အကြမ်းဖက် အားပေးတဲ့ နိုင်ငံ စာရင်းက ပယ်ဖျက်ဖို့ ဆုံးဖြတ် လိုက်ပါပြီ ။

ဒီလို အကြမ်းဖက် အားပေး တဲ့ စာရင်းက ကျူးဘားကို ပယ်ဖျက်ဖို့ ဆုံးဖြတ် လိုက်တာဟာ ၂ နိုင်ငံ ဆက်ဆံရေးတွေ ပုံမှန် အတိုင်း ပြန်ဖြစ်ဖို့ ကြားမှာ တားဆီးမှု တွေထဲက အရေးအကြီးဆုံး အဆင့်ကို ဖယ်ရှား လိုက်တာလည်း ဖြစ်ပါတယ်။

ကိုလံဘီယာက Farc လို သူပုန် အုပ်စု တွေကို ကျူးဘားက ထောက်ပံ့ ပေးမနေတော့ဘူးလို့ အမေရိကန်က ယူဆ ထားပြီ ဖြစ်တဲ့ အတွက် အမေရိကန်က ကျူးဘား အစိုးရ အပေါ် ယုံကြည်မှု ထားကြောင်း ပြသလိုက်တာလို့ ယူဆ နေကြပါတယ်။

ကျူးဘားကို ဆီးရီးယား၊ အီရန်နဲ့ ဆူဒန် နိုင်ငံ တွေနဲ့ အတူ အကြမ်းဖက်မှု အားပေးတဲ့ နိုင်ငံ တွေ စာရင်းထဲ ထည့်ထားတာက ၂ နိုင်ငံ သံရုံးတွေ ပြန်ထားရေးမှာ အနှောင့်အယှက် အတားအဆီး ဖြစ်နေခဲ့ပါတယ်။

ကျူးဘား နိုင်ငံ ဟာဗားနား မြို့တော် က ဒေသခံ တယောက်ကတော့ ဒီသတင်း အတွက် အားရ ဝမ်းသာ ကြိုဆို ခဲ့ပါတယ်။

ဒါဟာ သမ္မတ အိုဘားမား ရဲ့ ဆုံးဖြတ်ချက် ကောင်းတခု ဖြစ်ပြီးတော့ ကျူးဘားဟာ အကြမ်းဖက် မှုကို အားပေးတဲ့ နိုင်ငံ မဟုတ်လို့ ဒီစာရင်းမှာ မထည့်သင့် ပါဘူးလို့ ဟာဗားနား က Arael AGUIRRE က ပြောပါတယ်။

ဒီလို တိုးတက်မှုတွေ ရှိလာပေမယ့်လည်း ကျူးဘားနဲ့ အမေရိကန်ကြား ကွဲပြားမှု တွေ ရှိသေးတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

အမေရိကန် အိမ်ဖြူတော်ရဲ့ ဒီဆုံးဖြတ်ချက်ကို အထက် လွှတ်တော် အမတ် Marco Rubio က ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

ကျူးဘားဟာ အမေရိကန် တရားစီရင်ရေးက ထွက်ပြေးနေတဲ့ ဝရမ်းပြေးတွေကို လက်ခံထားတယ်၊ နောက် မြောက်ကိုရီးယားကို ကုလ သမဂ္ဂ က လက်နက် ဒဏ်ခတ် ပိတ်ဆို့ မှုတွေ ချမှတ် ထားတာကို ရှောင်လွှား နိုင်အောင် ကျူးဘားက ကူနေတယ်လို့ ၂ဝ၁၆ အမေရိကန် သမ္မတ ရွေးပွဲမှာ ဝင်အရွေးခံဖို့ စိုင်းပြင်းနေတဲ့ ကျူးဘား နွယ်ဖွား မစ္စတာ ရူဘီယို က ပြောကြား ခဲ့ပါတယ်။

ဒီလို အမေရိကန်က ကျူးဘားကို နွေးထွေးမှု တွေ ပြခဲ့ပေမယ့်လည်း ကုန်သွယ်ရေး ပိတ်ဆို့မှုကိုတော့ ကွန်ဂရက် လွှတ်တော်ကသာ အဆုံးသတ်နိုင်မှာ ဖြစ်လို့ ဒီအတိုင်း ဆက်ထားရှိမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ကြေညာ ခဲ့ပါတယ်။

၁၉၈၂ ခုနှစ် ထဲက အမေရိကန်က ကျူးဘားကို အကြမ်းဖက်မှု ကျင့်သုံးတဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တွေကို အားပေးတယ် ဆိုပြီး နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ စာရင်းမှာ ထည့်သွင်း ထားခဲ့တာ ဖြစ်ပါတယ်။

စပိန်က ဘတ်စ် ခွဲထွက်ရေး သူပုန် အုပ်စုတွေနဲ့ ကိုလံဘီယာ သူပုန်တွေကို ကျူးဘား မှာ ခိုလှုံခွင့် ပေးထားတယ်လို့ ၂ဝ၁၃ ခုနှစ် အတွက် အမေရိကန် က ထုတ်ပြန်တဲ့ အကြမ်းဖက် ဝါဒ အစီရင်ခံစာ မှာ ဖော်ပြ ထားပါတယ်။

ဒါပေမဲ့ ကျူးဘားကတော့ သူ့ကို ဒီလို စာရင်း ထည့်သွင်းထားတာကို အခြေအမြစ် မရှိဘူး ဆိုပြီး အကြိမ်ကြိမ် ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ