တရုတ် စီးပွားရေး တိုးနှုန်း နှေးကွေးလာ

  • 15 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် စီးပွားရေး တိုးနှုန်း ၆ နှစ်အတွင်း အနှေးဆုံး ဖြစ်လာ။

ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှုန်းဟာ နှေးကွေး လာနေတယ် လို့ တရားဝင် စာရင်း ဇယားတွေက အတည်ပြု ဖော်ပြနေပါတယ်။

မတ်လ အထိ တိုင်းတာတဲ့ ပထမ သုံးလပတ်မှာ စီးပွားရေး တိုးတက်နှုန်းက ၇ ရာခိုင်နှုန်းသာ ရှိပြီး ဒါဟာ ၆ နှစ် အတွင်း တိုးတက်နှုန်း အနှေးဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ အထိ တိုင်းတာတဲ့ သုံးလပတ် မှာတော့ စီးပွားရေး တိုးနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၁၄ တစ်နှစ် လုံးအတွက် စီးပွားရေး တိုးတက်နှုန်းက ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

တရုတ်ရဲ့ စီးပွားရေး တိုးတက်နှုန်း အခုလို နှေးကွေး လာပေမယ့် ကမ္ဘာ့ စီးပွားရေး တိုးနှုန်း အမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပြီး စီးပွားရေး တောင့်ခံနိုင်အားက မျှော်လင့် ထားတာထက် ပိုကောင်း နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သို့သော်လည်း အခုလို စီးပွားရေး တိုးနှုန်း နှေးကွေးလာမှုနဲ့ အတူ နိုင်ငံရဲ့ အဓိက စီးပွားရေး မောင်းနှင်အား ဖြစ်တဲ့ အိမ်ခြံမြေ စျေးကွက် ထိုင်းမှိုင်း လာမှုတွေကြောင့် တရုတ် ဗဟိုဘဏ်က အတိုးနှုန်း ဖြေလျော့မှုတွေ ထပ်မံ လုပ်ဆောင် လာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ