စျေးကွက် လက်ဝါးကြီးအုပ်မှုနဲ့ ဂူဂဲလ်ကို အီးယူ စွဲဆို

ဓာတ်ပုံ မူပိုင် AP
Image caption စွဲချက်တွေကို ဂူဂဲလ်က ရင်ဆိုင်သွားမယ်လို့ ဆို။

စျေးကွက် ပြိုင်ဆိုင်မှုကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေကြောင့် Google အင်တာနက် ကုမ္ပဏီကြီးကို ဥရောပ သမဂ္ဂက တရားဝင် စွဲချက် တင်လိုက်ပါတယ်။

အချက်အလက် ရှာဖွေရေး ဝန်ဆောင်မှုမှာ လွှမ်းမိုးထားနိုင်မှုကို ဂူဂဲလ်က အသုံးချပြီး သူတို့ရဲ့ ကိုယ်ပိုင် ကုန်စည် ရောင်းချတဲ့ လင့်ခ်တွေကို အရောင်းမြှင့်တင် ခဲ့တယ်လို့ အီးယူ စျေးကွက် ယှဉ်ပြိုင်မှု ဆိုင်ရာ ကော်မရှင်နာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အခုလို စျေးကွက် လက်ဝါးကြီး အုပ်မှု စွဲဆိုချက် အတွက် တုံ့ပြန်ချက် ပေးဖို့ ဂူဂဲလ် အနေနဲ့ အချိန် ၂ လ ခွဲ ရှိတယ်လို့ အီးယူ စျေးကွက် ယှဉ်ပြိုင်မှု ဆိုင်ရာ ကော်မရှင်နာ Margrethe Vestager က ပြောပါတယ်။

ဂူဂဲလ် ကုမ္ပဏီ အပေါ် စွပ်စွဲချက်တွေကို ၅ နှစ်ကြာ စုံစမ်းပြီးမှ အခုလို စွဲချက်တင်လိုက်တာ ဖြစ်ပြီး၊ ဒါဟာ ဂူဂဲလ်ကို ယူရို ဒေါ်လာ ဘီလျံပေါင်း များစွာ ဒဏ်တပ်နိုင်တဲ့ အထိ ဦးတည် သွားစေနိုင်တဲ့ ဥပဒေပိုင်း လုပ်ဆောင်မှုရဲ့ အစ ဖြစ်ပါတယ်။

ဂူဂဲလ် ကုမ္ပဏီ ကတော့ ဒီစွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုတယ်လို့ ပြောလိုက်ပြီး အမှုကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

ဂူဂဲလ် ရှာဖွေရေး အင်ဂျင်ကို သုံးပြီး အင်တာနက် အချက်အလက် ရှာဖွေမှုက ဥရောပမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

Google ရဲ့ Android operating system အတွက် Apps တွေနဲ့ ဝန်ဆောင်မှုတွေ အပေါ် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး မျှတမှု ရှိမရှိ စစ်ဆေးဖို့လည်း အီးယူက စုံစမ်းမှု စတင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ