မြေထဲပင်လယ် ဖြတ်လာသူတွေကို ကူဖို့ EUကို ဖိအားပေး

  • 16 ဧပြီ 2015
ဓာတ်ပုံ မူပိုင် AFP Guardia Costiera
Image caption ကယ်မယ့်သူ ရှိရှိ မရှိရှိ စွန့်စွန့်စားစားနဲ့ မြေထဲပင်လယ်ကို ဖြတ်လာမယ့်သူတွေ ထောင်နဲ့ချီ ရှိနေ

မြောက်အာဖရိက ဒေသကနေ ဥရောပ နိုင်ငံတွေမှာ ခိုလှုံ နေထိုင်ဖို့ မြေထဲပင်လယ်ကို ဖြတ်ပြီး လာကြသူတွေ တနေ့တခြား များလာနေတာနဲ့ ပတ်သက်လို့ EU ဥရောပ သမဂ္ဂ အနေနဲ့ ကူညီ ဆောင်ရွက်မှုတွေ ပိုပေးဖို့ ဖိအားပေး ပြောဆိုမှုတွေ တိုးပွားလာနေပါတယ်။

ပင်လယ်ပြင်မှာ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်တဲ့ ဆောင်ရွက်မှုတွေကို EU က လျှော့ချလိုက်ခြင်းအားဖြင့် လူထောင်ပေါင်း များစွာရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

EUရဲ့ ကယ်ဆယ်ရေး လုပ်ငန်း လျှော့ချမှုတွေကို ပြန်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် Save the Children ပရဟိတ အဖွဲ့ကလည်း လှုံ့ဆော် စည်းရုံးမှု တခု စလုပ်နေပါတယ်။

EU နိုင်ငံတချို့ကတော့ တကယ်လို့ ပင်လယ်ပြင်မှာ လာကယ်မယ့် သူတွေ ရှိတယ် ဆိုတာသိရင် စွန့်စွန့်စားစားနဲ့ မြေထဲ ပင်လယ်ကို ဖြတ်ပြီး ခိုလှုံခွင့် တောင်းမယ့်သူတွေ ပိုများလာနိုင်တယ် ဆိုပြီး စောဒကတက် ပြောနေကြတာပါ။

ဒါပေမယ့်လည်း ကယ်မယ့်သူ ရှိရှိ မရှိရှိ ခိုလှုံခွင့် တောင်းမယ့်သူ ထောင်ပေါင်းများစွာကတော့ မြေထဲ ပင်လယ်ကို ကြိုးစား ဖြတ်ကူးလာကြဖို့ ရှိနေပါတယ်။

အခုသီတင်းပတ်အစောပိုင်းတုန်းက ဥရောပနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းမယ့်သူတွေကို တင်ဆောင်လာတဲ့ သင်္ဘော တစင်း လစ်ဗျားနိုင်ငံကနေ ထွက်ခွာအပြီးမှာ တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၄ရာလောက် ရေနစ် သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။