ရွှေ့ပြောင်းသူတွေကို ပိုမို ကယ်ဆယ်နိုင်ဖို့ ကုလ ပြော

  • 15 ဧပြီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ရက်အနည်းငယ် အတွင်းမှာတင် ရွှေ့ပြောင်း ဝင်ရောက်သူ တစ်သောင်းခန့်ကို ကယ်တင်ပြီးဖြစ်။

အာဖရိကတိုက် ကနေ ဥရောပတိုက်ကို ပြောင်းရွှေ့ ဝင်ရောက်ဖို့ ကြိုးပမ်း ကြသူတွေရဲ့ စက်လှေ မြေထဲ ပင်လယ်မှာ နစ်မြုပ်ခဲ့လို့ လူ ၄ ရာလောက် ပျောက်ဆုံး နေပြီးနောက် အဲဒီ ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အတွက် ပိုမို အားစိုက် ဆောင်ရွက် ကြပါလို့ ကုလသမဂ္ဂက တောင်းဆို လိုက်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက် လာသူတွေ အတွက် လက်ရှိ ကယ်ဆယ်ရေး လုပ်ဆောင် နိုင်စွမ်းဟာ လိုအပ်တာထက် အများကြီး နည်းနေသေးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရဲ့ ပြောခွင့်ရသူ Laurens Jolles က ဘီဘီစီကို ပြောပါတယ်။

၂၀၁၅ အတွင်း နှစ်စ ကနေ အခုချိန် အထိ ရွှေ့ပြောင်း ဝင်ရောက်သူ ၅၀၀ ကျော် သေဆုံး ခဲ့ပြီး ဖြစ်တဲ့ အတွက် မနှစ်က အခုလို အချိန်အတွင်း သေဆုံးသူ ဦးရေထက် အဆ ၃၀ ပိုများလာတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

မြေထဲပင်လယ် အတွင်း တခြား စက်လှေတွေ ပေါ်ကနေ ကယ်ဆယ် ခဲ့တဲ့ ရာနဲ့ချီတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ကိုတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ စစ္စလီကျွန်းကို ခေါ်ဆောင် လာပါတယ်။

အခု ရက် အနည်းငယ် အတွင်းမှာတင် ရွှေ့ပြောင်း ဝင်ရောက်သူ အရေအတွက် တစ်သောင်း နီးပါးကို ကယ်ဆယ် ခဲ့ရပြီး ဖြစ်ကာ နောက်ထပ် စက်လှေတွေလည်း အီတလီ ကမ်းခြေကို ဦးတည် ထွက်ခွာ လာနေကြဆဲပါ။

ဆင်းရဲ မွဲတေမှုနဲ့အတူ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ဥရောပဘက်ကို ဝင်ရောက်ဖို့ အခု နှစ်အနည်းငယ် အတွင်း သိန်းနဲ့ချီတဲ့ လူတွေဟာ အန္တရာယ် များတဲ့ ရေလမ်း ခရီးနဲ့ မြေထဲပင်လယ်ကို ဖြတ်ကျော် ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ