နိုင်ငံခြားသားတွေကို တိုက်ခိုက်မှု တောင်အာဖရိက ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံခြားသားတွေ အပေါ် တိုက်ခိုက်မှုတွေ အခု သီတင်းပတ်တွေ အတွင်း ပျံ့နှံ့လာခဲ့။

တောင်အာဖရိက နိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသားတွေ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး နိုင်ငံ အရှေ့ပိုင်းက ဒါဘန် မြို့မှာ လူ ငါးထောင်နီးပါး ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

နိုင်ငံခြားသားတွေ အပေါ် ရန်လို တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး ခုချိန်အထိ လူ ငါးယောက်ထက် မနည်း သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။

တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမားကလည်း အခုလို နိုင်ငံခြားသားတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

အလုပ်လက်မဲ့ ဦးရေ ၂၄ ရာခိုင်နှုန်း ရှိတဲ့ တောင်အာဖရိကမှာ အလုပ်လက်မဲ့တွေက သူတို့ရဲ့ အလုပ်တွေကို နိုင်ငံခြားသားတွေက လုယူ နေတာလို့ စွပ်စွဲကြလေ့ ရှိပါတယ်။

ဂျိုဟန် နက်စ်ဘာ့ဂ်မြို့ ဝန်းကျင်မှာ အီသီယိုပီးယား၊ ဆိုမာလီယာနဲ့ တခြား အာဖရိက နိုင်ငံတွေက လာရောက် လုပ်ငန်း ထူထောင် ထားကြတဲ့ ဆိုင်ရှင်တွေက အလုခံရမှာ စိုးတဲ့အတွက် သူတို့ရဲ့ ဆိုင်တွေကို ပိတ်ထား ကြရပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ၂၀၀၈ ခုနှစ်က နိုင်ငံခြားသားတွေ အပေါ် ရန်ပြု တိုက်ခိုက်မှုတွေ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ရာမှာ လူ ၆၂ ယောက် သေဆုံး ခဲ့ရဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ