အီ​သီ​ယို​ပီ​ယား​ခရစ်ယာန်​တွေ အသတ်​ခံ​နေ​ရ​တဲ့ ဗီ​ဒီ​ယို ထွက်လာ

  • 19 ဧပြီ 2015
_isis_libya ဓာတ်ပုံ မူပိုင် AFP
Image caption ဘာသာရေး ကွဲပြားမှုကို အခြေခံပြီး သတ်ဖြတ် တာလို့ ဗီဒီယိုထဲ ရှင်းရှင်းလင်းလင်း ပြော။

လစ်ဗျား နိုင်ငံထဲ မှာ အီသီယို ပီယား ခရစ်ယာန် အယောက် ၃၀ လောက် ကို ဂျီဟာ့ဒ် ဝါဒီ တွေ က သတ်ဖြတ် နေတာ ရိုက်ကူး ပြထားတဲ့ ဗီဒီယို ကို၊ အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ IS က ထုတ်ပြန် လိုက် ပါတယ်။

ပင်လယ် ကမ်းခြေ တနေရာ မှာ ခေါင်းဖြတ် သတ်နေတာ တွေ နဲ့ သဲကန္တာရ ထဲမှာ ဦးခေါင်းကို သေနတ် နဲ့ ပစ်သတ် နေတာ တွေ ကို အဲဒီ့ ဗီဒီယို ထဲမှာ တွေ့ ရပါတယ်။

သူတို့ရဲ့ ဘာသာ အယူဝါဒ အပေါ် မူတည်ပြီး အခုလို သတ်ဖြတ် ခံ ရတာ ဖြစ်ကြောင်း ကို ဗီဒီယို ထဲ ရှင်းရှင်းလင်းလင်း ပြော ထားပါတယ်။

အသတ် ခံလိုက် ရသူ တွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ကို အတည်ပြု နိုင်ဖို့ ကိုင်ရို မြို့ က သံရုံး ကနေ တဆင့် ကိုင်တွယ် နေတယ် ဆိုပြီး အီသီယို ပီယား အစိုးရ က ပြောပါတယ်။

ဒီ အချိန်မှာပဲ၊ အင်္ဂလန် ခရစ်ယာန် ကျောင်းတော်ရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Canterbury ဂိုဏ်းချုပ် ဘုန်းတော်ကြီး Justin Welby က အာဖရိက မြောက်ပိုင်း နဲ့ အရှေ့အလယ်ပိုင်း ဒေသတို့ က ခရစ်ယာန် တွေ အပေါ်၊ လူမဆန် တဲ့ ကြမ်းကြုတ် မှု မျိုး တွေ ကျူးလွန် နေတာ ကို ရှုတ်ချ လိုက်ပါတယ်။

IS အဖွဲ့ ဟာ မိစ္ဆာတရား နက်နက် ရှိုင်းရှိုင်း ပူးကပ် နေသူ တွေ ဖြစ်တယ် လို့ ဘုန်းတော်ကြီး Welby က ဆိုပါတယ်။

ဒါပေမယ့် ဒီ ပြဿနာ ကို စစ်ရေး သက်သက် အရ အဖြေ ရှာ နိုင် မှာ မဟုတ် ဘူး ဆိုပြီး တော့လည်း ဘုန်းတော်ကြီး Welby က ပြောပါတယ်။

ဘုန်းတော်ကြီး Welby ရဲ့ အီဂျစ် နိုင်ငံ ခရီးစဉ် အတွင်းမှာ ဘီဘီစီ နဲ့ စကား ပြောခဲ့ ရတာ ဖြစ်ပါတယ်။

အဲဒီ့ ဒေသ ကို သူ သွားရောက် တိုင်း အဲဒီ့က နှစ်ပေါင်း ၂ ထောင် သက်တမ်း ရှိတဲ့ ခရစ်ယာန် လူမှု အဖွဲ့အစည်း ဟာ ကွယ်ပျောက် လုနီးနီး အန္တရာယ် မှာ ရှိလာနေပြီ ဆိုတဲ့ သူ့ရဲ့ စိုးရိမ်မှု တွေ ပိုပိုပြီး ချုင်မာ လာရတယ် လို့ ဘုန်းတော်ကြီး Welby က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ