လှေ​မှောက်​သေ​ဆုံး​နေ​မှု ကိုင်တွယ်​ဖို့ အီးယူအပေါ် ဖိ​အားတိုး

  • 19 ဧပြီ 2015
_mediterranee_migrants ဓာတ်ပုံ မူပိုင် AP
Image caption လူမှောင်ခို ဂိုဏ်းတွေကို ကိုင်တွယ်ဖို့ ဝန်ကြီးချုပ် ရဲန်ဇီ တိုက်တွန်း။

မြေထဲပင်လယ် ထဲမှာ အာဖရိက တိုက်က လာကြသူတွေ လှေမှောက် သေဆုံး နေရတာ တွေ ဆက်လက် ဖြစ်ပေါ် နေတဲ့ အတွက် အဲဒီ့ ပင်လယ်ပြင် မှာ ကင်းလှည့် စောင့်ကြည့် ပုံ စောင့်ကြည့်နည်း တွေ ပြုပြင် ပြောင်းလဲ ဖို့ ဥရောပ ခေါင်းဆောင် တွေ အပေါ် ဖိအား တွေ အတော် ကျရောက် နေပါတယ်။

လစ်ဗျား ကမ်းရိုးတမ်း အလွန် မှာ လှေမှောက် ခဲ့ပြန် တဲ့ အတွက် လူတွေ ရာနဲ့ချီ သေဆုံး ခဲ့ကြ ရတယ် လို့ ခန့်မှန်း နေကြ ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက် သူတွေ အပြည့် တင်လာတဲ့ ငါးဖမ်းလှေ တစ်စင်းဟာ ကုန်တင် သင်္ဘောတစ်စင်း နဲ့ အဆုံမှာ အဲဒီ့ သင်္ဘော ပေါ် လိုက်ပါခွင့် ရဖို့ လှေတစ်ဘက် တည်း ကို လူတွေ ပြုံပြီး တိုးကြရာက လှေမှောက် ခဲ့ရတာ ဖြစ်ပါတယ်။

အီတလီ အာဏာပိုင် တွေ က သင်္ဘော အင်အား အစင်း ၂၀ နဲ့ ရဟတ်ယာဉ် ၃ စင်း အသုံးပြုပြီး ကယ်ဆယ်ရေး တွေ လုပ်နေတာ မှာ အခု လောလောဆယ် အထိတော့ လူ ၃၀ လောက် ကယ်တင် ထား နိုင်ပါတယ်။

အခင်းဖြစ်ပေါ် ရာ နေရာ က ရေပြင် ဟာ တခြား နေရာ တွေ ထက်စာရင် ပို နွေး နေတာ ကြောင့် လူ တွေ ကို ပိုပြီး အသက်ရှင်လျက် ကယ်နိုင် မယ် လို့ ရှာဖွေရေး လုပ် နေသူတွေ က မျှော်လင့် ထားပါတယ်။

ဒီ လို မြေထဲ ပင်လယ် ထဲ ရွှေ့ပြောင်း ဝင်ရောက် နေသူ တွေ အရေး ကို ကိုင်တွယ် ဖို့ အခု သီတင်းပတ် ထဲ မှာပဲ ဥရောပ သမဂ္ဂ အီးယူ ခေါင်းဆောင် တွေ ရဲ့ ထိပ်သီး အစည်းအဝေး ခေါ် ယူ နိုင်ရေး အတွက် တောင်းဆို မယ် လို့ အီတလီ ဝန်ကြီးချုပ် မက်ထေးအို ရဲန်ဇီ က ပြောပါတယ်။

အခုလို လူတွေ အမြောက်အများ သေဆုံး နေရမှု မှာ အဓိက တာဝန်ရှိတဲ့ လူမှောင်ခို ကူး သူတွေ ကို တိုက်ဖျက် ရေး မှာလည်း ပိုပြီး အားစိုက် ထုတ်ကြဖို့ ဝန်ကြီးချုပ် ရဲန်ဇီ က တိုက်တွန်း ခဲ့ပါတယ်။

လူတွေ ရွှေ့ပြောင်း ဝင်ရောက်မှု တန့်သွား အောင် လို့ ရည်ရွယ်ပြီး မြေထဲ ပင်လယ် ထဲ မှာ ဥရောပ သမဂ္ဂ အီးယူ အနေနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ပြီးခဲ့တဲ့ နှစ် က လျှော့ချ ခဲ့ကြပါတယ်။

ဒီနေ့ တနင်္လာ မှာတော့ ဒီ ပြဿနာ နဲ့ ပတ်သက်ပြီး အီးယူ အဖွဲ့ဝင် နိုင်ငံတွေ က ဝန်ကြီး အဆင့်တွေ တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ