ဒေးဗစ် ကင်မရွန်း ကိုယ်ရေး အကျဉ်း

  • 20 ဧပြီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ၄၃ နှစ် အရွယ်မှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဒေးဗစ် ကင်မရွန်း။

ဘဝနောက်ခံ ပြည့်စုံခဲ့တဲ့ ဒေးဗစ် ကင်မရွန်ဟာ ခေတ်မီရေး ပြုပြင် ပြောင်းလဲသူ အဖြစ် ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာ ခဲ့ပြီးနောက် သူ့ပါတီကို ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် အစိုးရအဖွဲ့ထဲ ရောက်အောင် ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ အီတန် ကျောင်းနဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး၊ အောက်စ်ဖို့ဒ်က သူ့ရဲ့ဆရာ ဗာနွန် ဘော့ဂ်ဒနာ ကတော့ မစ္စတာ ကင်မရွန်းဟာ သူသင်ဖူးသမျှ ကျောင်းသားတွေထဲမှာ အတော်ဆုံးတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ ကင်မရွန်း ကျောင်းပြီးချိန်မှာ ကွန်ဆာဗေးတစ် ပါတီအတွက် လုပ်ငန်းအချို့ကို ဆောင်ရွက်ခဲ့ပြီး အဲဒီ အထဲမှာ ဝန်ကြီးချုပ် ဂျွန်မေဂျာအတွက် ပါလီမန်တွင်း မေးခွန်းတွေကို ပြင်ဆင်ပေးတဲ့ အလုပ်၊ ဘဏ္ဍာရေး ဝန်ကြီး တစ်ယောက်နဲ့ ပြည်ထဲရေး ဝန်ကြီး တစ်ယောက် တို့ရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် စတဲ့ အလုပ်တွေ ပါဝင်ခဲ့ပါတယ်။

သူဟာ ၁၉၉၇ ခုနှစ်မှာ စတက်ဖို့ဒ် မဲဆန္ဒနယ်ကနေ လွှတ်တော် အမတ်အဖြစ် ဝင်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲမှာတော့ အောက်ဖို့ဒ်ရှိုင်းယားက ဝစ်တနီ မဲဆန္ဒနယ်ရဲ့ လွှတ်တော်အမတ် အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။

လွှတ်တော်ထဲ ရောက်ခဲ့ပြီးနောက် မစ္စတာ ကင်မရွန်းဟာ အတိုက်အခံ နောက်တန်း နေရာမှာ ရှိစဉ်ကတည်းက နိုင်ငံရေး ဆိုင်ရာ ပင်ကိုယ် ဗီဇ အချို့ကို ပြသခဲ့ပါတယ်။

နောက် ၂ နှစ် အကြာမှာပဲ ကင်မရွန်းဟာ လွှတ်တော်တွင်းက ကွန်ဆာဗေးတစ် အတိုက်အခံ နေရာရဲ့ ရှေ့တန်းခုံကို ရောက်လာခဲ့ပြီး၊ အဲဒီနောက် မကြာမီမှာ အတိုက်အခံ ဝန်ကြီးအဖွဲ့ (shadow cabinet) ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ အချိန်က ပါတီ ခေါင်းဆောင် မိုက်ကယ် ဟောင်းဝပ်နဲ့ သူ့အဖွဲ့က ၂၀၀၅ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ပါတီအတွက် အောင်မြင်မှုကို ယူဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲ ပြီးနောက် ပြုလုပ်တဲ့ ပါတီ ခေါင်းဆောင် ရွေးပွဲမှာတော့ မစ္စတာ ကင်မရွန်း အနိုင်ရခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ကင်မရွန်း ခေါင်းဆောင် ဖြစ်လာပြီးနောက် ပါတီကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားပေးတဲ့ အစိမ်းရောင် ပါတီ ဖြစ်ဖို့၊ အများပြည်သူနဲ့ ပိုမို ထိတွေ့ ဆက်ဆံတဲ့ ပါတီဖြစ်ဖို့ စတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

သူ့လက်ထက်မှာ လူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် နိုင်ငံတဝန်း ကွန်ဆာဗေးတစ် ပါတီကို ထောက်ခံသူတွေ ပိုမို တိုးပွားလာခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ် ပါတီက အောက်လွှတ်တော် အမတ်နေရာ ၆၅၀ အနက် ၃၀၆ နေရာနဲ့ တခြား ပါတီတွေထက် အမတ်နေရာ အများဆုံး ရခဲ့ပါတယ်။

ဒါပေမယ့် အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်နေရာ ထက်ဝက်ကျော် မရခဲ့တာကြောင့် လစ်ဘရယ် ဒီမိုကရက် ပါတီနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ခဲ့ပါတယ်။ အဲဒီနောက် မစ္စတာ ကင်မရွန်းဟာ ၄၃ နှစ်အရွယ်နဲ့ ၁၈၁၂ ခုနှစ်နောက်ပိုင်း ဗြိတိန်ရဲ့ အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ကင်မရွန်း ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် မြောက်အိုင်ယာလန်မှာ ၁၉၇၂ ခုနှစ်က ဗြိတိသျှ စစ်သားတွေ ကျူးလွန်ခဲ့တဲ့ Bloody Sunday ကိစ္စအတွက် လူသိရှင်ကြား တောင်းပန်မှု၊ လိင်တူ လက်ထပ်ခြင်းကို ဥပဒေအရ ခွင့်ပြုပေးမှု၊ လစ်ဗျားမှာ စစ်ရေး ဆောင်ရွက်မှုနဲ့ ဗြိတိန်ကို စီးပွားရေး နာလန်ထူ လာနိုင်အောင် ပဲ့ကိုင်ပေးမှုတွေက သူ့ရဲ့ အမှတ်ရဖွယ် အောင်မြင်မှုတွေအဖြစ် ယူဆနိုင်ပါတယ်။

မစ္စတာ ကင်မရွန်းအတွက် အမှတ်လျော့စေတဲ့ ကိစ္စတွေထဲမှာတော့ NHS ကို ပြုပြင်ပြောင်းလဲပုံနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း ကန့်ကွက်ခံရမှု၊ ဆီးရီးယားမှာ စစ်ရေးအရ ပါဝင်ဖို့အတွက် အမတ်တွေရဲ့ ထောက်ခံချက် မရခဲ့မှု စတာတွေ ပါဝင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ မစ္စတာ ကင်မရွန်းရဲ့ ကွန်ဆာဗေးတစ် ပါတီကို ဝိုင်းဝန်း မဲပေးခဲ့ကြသူတွေ အနေနဲ့ အစိုးရ ဖြစ်လာပြီး နောက်ပိုင်း ရုံးတွင်း ဆောင်ရွက်ချက်တွေကိုတော့ သိပ် အားရကြမှာ မဟုတ်ဘူးလို့ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက်တွေက မျှော်လင့် နေကြဖွယ် ရှိပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီကတော့ ရွေးကောက်ပွဲမှာ မဲများများ ရဖို့နဲ့ ရွေးကောက်ပွဲလွန် ကာလမှာ မတင်မကျ အခြေအနေ ကြုံပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ ညှိနှိုင်းရတာ မျိုးတွေမှာ မစ္စတာ ကင်မရွန်းရဲ့ ကိုယ်ရည် ကိုယ်သွေးက အသုံးဝင်မယ့် လက်နက် တစ်ခု ဖြစ်တယ်လို့ တွက်ချက် ရှုမြင်ထားပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ