အက်ဒ် မီလီဘန်းဒ် ကိုယ်ရေး အကျဉ်း

  • 20 ဧပြီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အနီရောင် အက်ဒ် Red Ed လို့ တံဆိပ်တပ် ခံခဲ့ရသူ အက်ဒ် မီလီဘန်းဒ်။

လေဘာ ပါတီ ခေါင်းဆောင် ရွေးပွဲတုန်းက သိပ် ရေပန်း မစားခဲ့ဘဲ ခေါင်းဆောင် ဖြစ်လာခဲ့တဲ့ အက်ဒ် မီလီဘန်းဒ်ဟာ အဖွဲ့အစည်းကြီး တွေကို ရင်ဆိုင်သွားမယ် ဆိုတဲ့ ကတိနဲ့ ဒီရွေးကောက်ပွဲမှာ အောင်မြင်မှုတွေ ရဖို့ ကြိုးစား နေပါတယ်။

လူသိများတဲ့ မာ့စ်ဝါဒီ တွေးခေါ်ရှင် Ralph Miliband ရဲ့ သားဖြစ်သူ အက်ဒ် မီလီဘန်းဟာ လန်ဒန်မြောက်ပိုင်းမှာ ကြီးပြင်းခဲ့ပြီး အောက်စဖို့ဒ်နဲ့ LSE တို့မှာ ပညာသင်ခဲ့ပါတယ်။

ရုပ်သံ သတင်းထောက် အဖြစ် ခဏတာ လုပ်ကိုင် ခဲ့ပြီးနောက် လေဘာ ပါတီမှာ သုတေသီ တစ်ယောက် အဖြစ် ဝင်လုပ်ခဲ့ပါတယ်။

လေဘာပါတီ အတိုက်အခံ ဘဝမှာ အဲဒီအချိန်က အတိုက်အခံ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်တဲ့ ဂေါ်ဒန်ဘရောင်းက သူ့ရဲ့ ဂဏန်းတွက် နိုင်စွမ်းကို သဘောကျ ခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီနောက် လေဘာ ပါတီ အာဏာရ လာချိန်မှာ ဂေါ်ဒန်ဘရောင်း ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာပြီး မီလီဘန်းဒ်က သူ့ရဲ့ အထူး အကြံပေး ဖြစ်လာပါတယ်။

၂၀၀၃ မှာ အားလပ်ခွင့်နဲ့ အမေရိကန်က ဟားဗတ် တက္ကသိုလ်မှာ တစ်နှစ် သွားတက် ခဲ့ပါတယ်။ ၂၀၀၅ မှာတော့ ဒွန်ကက်စတာ နော့သ် မဲဆန္ဒနယ် ကနေ အမတ်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။

၂၀၀၆ မှာ အငယ်တန်း ဝန်ကြီး တစ်ယောက် အဖြစ် လေဘာ အစိုးရထဲမှာ ပါဝင်ခဲ့ပြီး၊ နောက်တော့ စွမ်းအင်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးအဖြစ်၂၀၀၈ ကနေ ၂၀၁၀ အထိ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ ရာထူးနဲ့ ယူကေရဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချမှုကို သတ်မှတ် ဦးတည်ချက်ထက် ပိုမို လျှော့ချအောင် ဆောင်ရွက် နိုင်ခဲ့တာကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကို အကြိုက်တွေ့ စေခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ လေဘာ ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီ ခေါင်းဆောင် နေရာအတွက် သူ့အစ်ကို ဒေးဗစ် မီလီဘန်းဒ်နဲ့ ယှဉ်ပြိုင် အရွေးခံဖို့ လုပ်ခဲ့ပါတယ်။ နိုင်ငံရေး ဝန်ကြီးဟောင်း ဒေးဗစ်က ပါတီ ခေါင်းဆောင် နေရာ အတွက် သူ့ထက် ပိုပြီး ရေပန်းစား ခဲ့ပါတယ်။

ဒါပေမယ့် အလုပ်သမား သမဂ္ဂတွေရဲ့ ထောက်ခံမှုကို ရခဲ့တဲ့ အက်ဒ် မီလီဘန်းဒ်က ပွတ်ကာ သီကာ အနိုင်ရပြီး လေဘာ ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

အလုပ်သမား သမဂ္ဂတွေ ကြားမှာ ရေပန်းစား ခဲ့တဲ့ အက်ဒ် မီလီဘန်းဒ် အနေနဲ့ သတင်းစာတွေက "Red Ed" အနီရောင် အက်ဒ် လို့ တံဆိပ်တပ် တာကို ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အက်ဒ် မီလီဘန်းဒ်ဟာ အလုပ်သမားတွေ အတွက် မှတ်ကျောက်တွေ ဖြစ်တဲ့ လစာ မြင့်မားရေးလို ကိစ္စရပ်တွေကို လူဝင်မှု ကြီးကြပ်ရေး၊ သက်သာချောင်ချိရေး ကိစ္စတွေနဲ့ ပေါင်းစပ်ပြီး တမူ ထူးခြားတဲ့ အတွေးအမြင် အသစ်တွေ သူ့ပါတီအတွက် ဖော်ထုတ် လာခဲ့ပါတယ်။

စွမ်းအင် ဈေးနှုန်းတွေ၊ ဖုန်း ခိုးနားထောင် ခံရမှုတွေလို ကိစ္စတွေနဲ့ ပတ်သက်ပြီး အင်အားကြီးတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းကြီးတွေကို အများအကျိုးအတွက် ရင်ဆိုင်သွားမယ့် လူလို့ သူ့ကို အများက မြင်ကြတဲ့အတွက် ထောက်ခံမှုတွေလည်း ရနေပါတယ်။

လေဘာပါတီ အနေနဲ့ အရေးကြီးတဲ့ အချက် နှစ်ချက် ဖြစ်တဲ့ NHS ကို လေဘာ ကသာ စောင့်ရှောက် နိုင်မယ် ဆိုတာနဲ့ စီးပွားရေး နာလန် ပြန်ထူလာမှုရဲ့ အကျိုးအမြတ်ကို အားလုံး မျှဝေ ခံစားနိုင်ဖို့ လေဘာ ကသာ ဆောင်ကြဉ်း ပေးနိုင်မယ် ဆိုတဲ့ အချက်တွေကို မဲဆန္ဒရှင်တွေကို အသိပေးရာမှာ အက်ဒ် မီလီဘန်းရဲ့ အရည်အချင်းကို အားကိုးနေမှာ ဖြစ်ပါတယ်။