ယူကေ ရွေးကောက်ပွဲ အကြောင်း အမေး အဖြေ

  • 20 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Getty Images

မေး။ မဲ ဘယ်တော့ ပေးရမှာလဲ။ ဖြေ။ ရွေးကောက်ပွဲက မေလ ၇ ရက်နေ့ မနက် ၇ နာရီ စမှာဖြစ်ပါတယ်။ ည ၁၀ နာရီမှာ ပိတ်ပါမယ်။

မေး။ ဘာအတွက် မဲပေးရမလဲ။

ဖြေ။ ဒီရွေးကောက်ပွဲက ယူကေ အစိုးရသစ် အတွက် ဘယ်ပါတီ အနိုင်ရမယ်၊ နောက်အစိုးရသစ်ကို ဘယ်လို ဖွဲ့မယ် ဆိုတာကို ဆုံးဖြတ်ပေးမှာပါ။ ပါလီမန် ထဲက ကိုယ်စားလှယ်လောင်း နေရာ စုစုပေါင်း ၆၅၀ အတွက် မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

မေး။ ဘယ်သူတွေ မဲပေးလို့ ရသလဲ။

ဖြေ။ လာမယ့် မေလ ၇ ရက်နေ့မှာ အသက်၁၈ နှစ် ပြည့်ပြီး မဲပေးဖို့ မှတ်ပုံတင် စာရင်းပေးထားသူ ဗြိတိန် ဓနသဟာယ နိုင်ငံ အဖွဲ့ဝင်တွေနဲ့ အိုင်ယာလန် နိုင်ငံက နိုင်ငံသားတွေ မဲပေးလို့ ရပါတယ်။

မေး။ ဘယ်သူတွေ မဲပေးလို့ မရဘူးလဲ။

ဖြေ။ အထက်လွှတ်တော်က အဖွဲ့ဝင်တွေ၊ ယူကေမှာ အခြေချနေတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံက နိုင်ငံသားတွေ၊ ဗြိတိန် ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံသား မဟုတ်သူတွေနဲ့ အိုင်ယာလန် နိုင်ငံသား မဟုတ်သူတွေ၊ ပြစ်ဒဏ်ကျ ခံနေရတဲ့ အကျဉ်းသားတွေ၊ ပြီးခဲ့တဲ့ ၅နှစ်အတွင်း မဲမသာမှူ ပြုလုပ်သူလို့ သတ်မှတ်ခံရသူတွေဟာ ယူကေ ဥပဒေအရ မဲပေးခွင့် မရှိသူတွေ ဖြစ်ပါတယ်။

မေး။ မဲစာရင်း ဘယ်လို သွင်းရမလဲ။

ဖြေ။ ဧပြီ ၂၀ ရက်နေ့က စာရင်းသွင်းရမယ့် နောက်ဆုံး ရက်ပါ။ စာတိုက်ကနေ စာရင်းသွင်းလို့ ရပါတယ်။ အင်္ဂလန်၊ စကော့တလန်နဲ့ ဝေလ နယ်တွေမှာ နေရင်တော့ အွန်လိုင်းကနေ စာရင်း သွင်းနိုင်ပြီး အင်တာနက် လိပ်စာက www.gov.uk/register-to-vote ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်မှာနေ သူဆိုရင်တော့ သီးခြား ပုံစံတစ်ခုနဲ့ စာရင်းသွင်းရပါမယ်။ မဲဆန္ဒရှင် စာရင်းမှာ ကိုယ့်နာမည် ပါမပါကို ကိုယ်နေတဲ့ မြို့က ကောင်စီရုံးက ရွေးကောက်ပွဲ ဌာနမှာ စုံစမ်းလို့ရပါတယ်။ သူတို့နဲ့ ဘယ်လို ဆက်သွယ်ရမယ် ဆိုတဲ့ အသေးစိတ်ကို ရွေးကောက်ပွဲ ကော်မရှင် ဝက်ဆိုက် မှာ ဖော်ပြ ထားပါတယ်။

မေး။ စာတိုက်ကနေ မဲပေးလို့ ရသလား။

ဖြေ။ ရပါတယ်။ စာတိုက်ကနေ ပို့ရမယ့် မဲအိတ်ကို ကိုယ်နေတဲ့ ကောင်စီက ရွေးကောက်ပွဲ ဌာနမှာ တောင်းခံနိုင်ပါတယ်။ ကိုယ်ပို့လိုက်တဲ့ မဲအိတ် ရောက် မရောက် ကိုလည်း အဲဒီမှာပဲ စုံစမ်း နိုင်ပါတယ်။ မြောက်အိုင်ယာလန်မှာ စာတိုက်ကနေ မဲပေးရင်တော့ အနည်းငယ် ကွဲလွဲချက် ရှိပါလိမ့်မယ်။

မေး။ ကိုယ်စားလှယ် နဲ့မဲပေးလို့ရသလား။

ဖြေ။ မသန်စွမ်းလို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံခြား တိုင်းပြည် တစ်ခုကို ရောက်နေလို့ပဲ ဖြစ်ဖြစ်၊ အကြောင်းပြချက် တစ်ခု ကိုယ့်မှာ ရှိရင် ကိုယ်စားလှယ်နဲ့ မဲပေးလို့ရပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူက ကိုယ့်အစား မဲပေးမယ် ဆိုတာကို အမည်စာရင်း ပေးထားလို့ရပါတယ်။ ကိုယ်စား မဲပေးသူက အသက်၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ပြီးတော့ သီးခြား စာရင်းသွင်းထားရ ပါလိမ့်မယ်။ ဒါပေမယ့် လူ ၂ ယောက်ထက် ပိုပြီးတော့ ကိုယ်စားလှယ် လုပ်လို့မရပါဘူး။ ရုတ်တရက် မကျန်းမာ ခဲ့ရင်လည်း ကိုယ်စားလှယ်နဲ့ မဲပေးဖို့ ရွေးကောက်ပွဲနေ့ ညနေ ၅ နာရီ အထိ စာရင်းပေးလို့ ရပါတယ်။ မြောက်အိုင်ယာလန် မှာတော့ သီးခြား အစီအစဉ် ရှိပါတယ်။

မေး။ နိုင်ငံခြားကနေ မဲပေးလို့ ရပါသလား။

ဖြေ။ ရပါတယ်။ ဗြိတိန်နိုင်ငံသား ဖြစ်ပြီးတော့ ယူကေ ရွေးကောက်ပွဲမှာ မဲပေးဖို့ ၁၅ နှစ် အတွင်း စာရင်း ပေးထားဖူးသူ တွေဟာ နိုင်ငံခြားကနေ မဲပေးလို့ရပါတယ်။ အဲဒီလို မဲပေးဖို့အတွက် ဘယ် နိုင်ငံကနေ မဲပေးမယ် ဆိုတာကို ကိုယ့်ကောင်စီမှာ စာရင်းပေးထားရပါမယ်။ နောက်ဆုံးစာရင်း ပေးရမဲ့ ရက်က ဧပြီလ ၂၀ ရက်ပါ။

မေး။ မသန်းစွမ်းတဲ့ မဲဆန္ဒရှင်တွေ အတွက် ဘယ်လို စီစဉ်ထားသလဲ။

ဖြေ။ ဒေသဆိုင်ရာ အာဏာပိုင်တွေက မသန်စွမ်းသူတွေ မဲပေးလို့ရအောင် စီစဉ် ပေးထားရပါတယ်။ အမြင်အာရုံ ချို့တဲ့သူတွေ အတွက်ပါ စမ်းသပ် ကိုင်ကြည့်ပြီး မဲပေးလို့ ရအောင် လုပ်ထား ပေးမှာပါ။ မဲရုံထဲကို ဘီးတပ် ကုလားထိုင်တွေ ဝင်လို့ရအောင်လည်း လုပ်ထားပေးမှာ ဖြစ်ပြီး၊ ကျန်းမာရေးကြောင့် မဲရုံထဲ မဝင်နိုင်ရင်လည်း မဲရုံမှူးကို အကူအညီ တောင်းနိုင်ပါတယ်။

မေး။ စာမတတ်သူတွေ အတွက်ကော။

ဖြေ။ စာမတတ်တဲ့ သူတွေအတွက်တော့ မဲပေးနိုင်အောင် စီစဉ်ပေးတာမျိုး မရှိပါဘူး။ မဲရုံက တာဝန်ရှိသူတွေကို အကူညီတောင်းပြီးတော့ မဲပေးနိုင်ပါတယ်။ ဒါမှမဟုတ် အကူအညီပေးမဲ့ အဖော်ကို ခေါ်လာပြီး မဲပေးလို့ရပါတယ်။

မေး။ မဲက မဖြစ်မနေ ပေးရမှာလား။

ဖြေ။ မဟုတ်ပါဘူး။ မဖြစ်မနေ မဲပေးရမယ် ဒါမဟုတ် မဲပေးဖို့ မဖြစ်မနေ စာရင်းပေးရမယ်လို့ ပြဋ္ဌာန်း မထားပါဘူး။

မေး။ မဲပေးတာကို လျှို့ဝှက်ထားမှာလား။

ဖြေ။ မဲတွေမှာ နံပါတ်စဉ်တွေနဲ့ စီစဉ်ထားတဲ့ အတွက် ဘယ်သူက ဘယ်သူ့ကို မဲပေးတယ် ဆိုတာ ပြန်စစ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် အဲဒါဟာ ဥပဒေအရ တရားမဝင် ပါဘူး။ မဲမသမာမှုတွေ မဖြစ်အောင် နံပါတ်တွေနဲ့ စီစဉ်ထားတာပါ။

မေး။ ဘုရင်မကြီးကော မဲပေးနိုင်သလား။

ဖြေ။ ပေးလို့ရပါတယ်။ ဒါပေမဲ လက်တွေမှာတော့ အခြေခံ ဥပဒေနဲ့ ညီ မညီ ဆိုတာ စဉ်းစားစရာ ဖြစ်နေတုံးပါဘဲ။

မေး။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်မယ့် ကိုယ်စားလှယ်လောင်း ဘယ်လို ဖြစ်လာနိုင်မလဲ။

ဖြေ။ ရွေးကောက်ပွဲ ဝင်နိုင်တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ဖို့အတွက် ကိုယ်ပြိုင်မယ့် မဲဆန္ဒနယ်မြေက မဲဆန္ဒရှင် အနည်းဆုံး ၁၀ ဦးက အမည်စာရင်း တင်သွင်းဖို့ လိုပါတယ်။ ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပေါင် ၅၀၀ နဲ့ သက်ဆိုင်ရာ နယ်မြေက အရာရှိဆီကို ပေးရမှာပါ။ ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ဖို့ နိုင်ငံရေးပါတီဝင် ဖြစ်ဖို့ မလိုပါဘူး။

မေး။ ဘယ်သူတွေက ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်နိုင်မလဲ။

ဖြေ။ အသက်၁၈ နှစ် ပြည့်ပြီးတဲ့ ဗြိတိသျှ နိုင်ငံသားတွေ၊ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အိုင်ယာလန် နိုင်ငံသားတွေ ရွေးကောက်ပွဲ ဝင်လို့ရပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရသူတွေ ကတော့ အစိုးရ ဝန်ထန်းတွေ၊ ရဲအရာရှိတွေ၊ လက်နက်ကိုင် အဖွဲ့က ဝန်ထမ်းတွေ၊ စီးပွားရေး လုပ်ငန်းတွေမှာ ဒေဝါလီ ခံထားသူတွေ၊ အစိုးရက တိုက်ရိုက် ခန့်တဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေက ဒါရိုက်တာတွေ၊ တရာသူကြီးတွေ၊ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတွေက လွှတ်တော်အမတ်တွေ၊ မဲမသာမှုနဲ့ ပတ်သတ်သူလို့ သတ်မှတ် ခံရသူတွေ၊ ယူကေ အထက်လွှတ်တော်က အဖွဲ့ဝင်တွေ ပြိုင်လို့မရပါဘူး။

မေး။ နိုင်ငံရေးပါတီ တစ်ခုကို ဘယ်လို ထူထောင်မလဲ။

ဖြေ။ ဘယ်ပါတီ မဆို ပေါင် ၁၅၀ ပေးပြီး ရွေးကောက်ပွဲ ကော်မရှင် ဆီမှာ မှတ်ပုံတင်ရပါတယ်။ ပါတီရဲ့ အဓိက တာဝန်ရှိသူ ၃ ဦးရဲ့ အမည်နဲ့ ပါတီရဲ့ ဘဏ္ဍာရေးကို ဘယ်လို စီမံခန့်ခွဲတယ် ဆိုတာကို ကော်မရှင်ကို ပေးဖို့ လိုပါတယ်။ လက်ရှိ ရှိပြီးသား ပါတီတစ်ခုရဲ့ နာမည်နဲ့ ဆင်တူရိုးမှား ဖြစ်လို့တော့ ကော်မရှင်က ငြင်းပိုင်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပါတီ တစ်ခုခုရဲ့ အဖွဲ့ဝင် ဖြစ်ဖို့ မလိုဘဲ ကိုယ်နာမည်နဲ့ပဲ တသီးပုဂ္ဂလ အဖြစ် ဝင်ပြိုင်လို့ရပါတယ်။

မေး။ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ငွေဘယ်လောက် အထိ သုံးနိုင်မလဲ။

ဖြေ။ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်း အနေနဲ့ ငွေဘယ်လောက်ပဲ သုံးရမယ် ဆိုတာ ကန့် သတ်ချက် ရှိပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲတွေက မေးလာရင် ရှင်းပြဖို့အတွက် အသုံးစရိတ် မှတ်တမ်းတွေ ထားရှိရပါမယ်။ နယ်တွေမှာတော့ အများဆုံး ပေါင် ၈၇၀၀ နဲ့ မဲဆန္ဒရှင် တစ်ဦးအတွက် ၉ ပြားနှုန်း ထပ်တိုး သုံးလို့ရပါတယ်။ မြို့ပေါ်မှာ ဆိုရင်တော့ အများဆုံး ပေါင် ၈၇၀၀ နဲ့ မဲဆန္ဒရှင် တစ်ဦးအတွက် ၆ ပြားနှုန်း သုံးခွင့်ပြုပါတယ်။

မေး။ ရွေးကောက်ပွဲမှာ ပါတီတွေ ငွေ ဘယ်လောက် အထိ သုံးလို့ရသလဲ။

ဖြေ။ ပါတီတွေကိုလည်း ရွေးကောက်ပွဲ မကျင်းပမီ တစ်နှစ် အလိုက စပြီး အသုံးစရိတ်ကို ကန့်သတ်ထားပါတယ်။ အမတ် တစ်နေရာအတွက် ပါတီ အသုံးစရိတ်ကို ပေါင် ၃ သောင်း အထိ သုံးခွင့်ပြုထားပါတယ်။ ဒါကြောင့် ၆၅၀ ရှိတဲ့ မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်မယ် ဆိုရင်တော့ ပေါင် ၁၉ သန်းခွဲ အထိ ရှိသွားမှာပါ။

မေး။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ နိုင်ငံရေး ပါတီတွေ ကိုယ်စား တခြား အဖွဲစည်းတစ်ခုက ဝင်ပြီး မဲဆွယ်စည်းရုံးခဲ့ရင် အဲဒီမှာ သုံးမဲ့ ငွေပမာဏကိုရော ကန့်သတ်ထားပါသလား။

ဖြေ။ ကန့်သတ်ထားပါတယ်။ နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ကိုယ်စား မဲဆွယ် စည်းရုံးပေးမယ့် သီးခြား အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေ အနေနဲ့လည်း ငွေအသုံးစရိတ် ကန့်သတ်ချက်ကို လိုက်နာရပါတယ်။ အင်္ဂလန်ထဲမှာ ပေါင် ၂ သောင်း အထိ၊ စကော့တလန်၊ ဝေးလ်စ်နဲ့ မြောက်အိုင်ယာလန် တို့မှာ ပေါင် တစ်သောင်း အထိပဲ သုံးနိုင်ပါတယ်။ ဒါ့အပြင် ပါတီ မဟုတ်တဲ့ မဲဆွယ် စည်းရုံးရေး အဖွဲ့ အဖြစ် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ထံမှာ မှတ်ပုံ တင်ရဦးမှာပါ။

မေး။ ဒီငွေတွေ ဘယ်က ရနိုင်သလဲ။

ဖြေ။ နိုင်ငံရေး ပါတီတွေဟာ ညစာစားပွဲတွေ၊ ဖျော်ဖြေရေးတွေ ကနေ ရန်ပုံငွေ ရှာလို့ ရပါတယ်။ ဒါပေမယ့် ပါတီကို ငွေလှူရင်တော့ ကန့်သတ်ချက် ရှိပါတယ်။ ပါတီတစ်ခုကို ပေါင် ၅၀၀ အထက်နဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးကို ပေါင် ၅၀ အထက် လှူမယ် ဆိုရင်တော့ ခွင့်ပြုချက် ရထားသူတွေကသာ လှူလို့ရပါတယ်။ နိုင်ငံခြားကနေ လှူလို့ မရအောင် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ပါတီ တစ်ခုကို ပေါင် ၇ သောင်းခွဲ အထက်၊ ပါတီ ရုံးခွဲ တစ်ခုကို ပေါင် ၁၅၀၀ အထက် ပမာဏ ဆိုရင်တော့ အများသိအောင် ကြောညာရမှာ ဖြစ်ပါတယ်။

မေး။ ရွေးကောက်ပွဲကို ဘယ်သူက ကြီးကြပ် ပေးတာလဲ။

ဖြေ။ မဲဆန္နနယ် တွေမှာ မဲရုံ ကြီးကြပ်သူတွေနဲ့ အတူ ဒေသဆိုင်ရာ ကောင်စီတွေက အရာရှိတွေက ကြီးကြပ် ဆောင်ရွက် ပေးမှာပါ။

မေး။ ယူကေ ရွေးကောက်ပွဲ ကျင်းပဖို့ ငွေ ဘယ်လောက် သုံးရမလဲ။

ဖြေ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ပေါင် ၈၄ သန်းခွဲလောက် သုံးခဲ့ရပါတယ်။ အဲဒီထဲမှာ စာတိုက်ကနေ ပို့တဲ့ စရိတ်လည်း ပါပါတယ်။

မေး။ ရွေးကောက်ပွဲကို ဘာလို့ ကြာသပတေးနေ့မှာပဲ လုပ်ရတာလဲ။

ဖြေ။ အခု လောလောဆယ်တော့ ငါးနှစ်တစ်ကြိမ် မေလရဲ့ ပထမဆုံး ကြာသာပတေး နေ့မှာ လုပ်ဖို့ ပါလီမန်က သတ်မှတ် ထားပါတယ်။ သောကြာနေ့ ဆိုရင် အားလက်ရက်နဲ့ နီးလို့ သောက်ကြ စားကြနဲ့ မဲမပေးမှာ စိုးရိမ်စရာ ရှိပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကြိုတင်မဲ ပေးဖို့ကိုလည်း တိုက်တွန်းထားပြီး မဲရုံမပိတ်မီ တစ်ပတ်အတွင်း မဲပေး လို့ရပါတယ်။

မေး။ ယူကေက ဘယ်လို မဲပေးစနစ်ကို သုံးလဲ။

ဖြေ။ ယူကေက မဲအများဆုံး ရသူသာ အနိုင်ရတဲ့ စနစ်ကို သုံးပါတယ်။ ပါလီမန် အမတ် ဖြစ်လာဖို့ အတွက် တခြား ပြိုင်ဖက်တွေထက် မဲအသာ ရဖို့သာ လိုပြီး မဲဆန္ဒနယ်ရဲ့ မဲအများစု တစ်ဝက်ကျော် ရစရာ မလိုပါဘူး။

မေး။ ကိုယ်မဲ ပေးရမယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို ဘာလို ရှာရမလဲ။

ဖြေ။ ပါတီတွေက ထုတ်ဝေတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို စတိုးဆိုင်တွေ ဈေးဆိုင်တွေမှာ ရနိုင်ပါတယ်။ တချို့ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်တွေကတော့ စာတိုက်က တဆင့် လက်ကမ်း စာစောင်တွေ ပို့ပြီး ကိုယ်ပြိုင်မယ့် နယ်က မဲဆန္ဒရှင်တွေကို မဲဆွယ်လို့ ရပါတယ်။

မေး။ ပါတီ တွေမှာ ပါလီမန်အမတ် ဘယ်နှယောက်စီ ရှိကြသလဲ။

ဖြေ။ ရွေးကောက်ပွဲ မတိုင်မီ ပါလီမန်ကို ဖျက်သိမ်းစဉ်က ကွန်ဆာဗေးတစ်က အမတ် ၃၀၂ နေရာ၊ လေဘာက ၂၅၆၊ လစ်ဘရယ် ဒီမိုကရက်က ၅၆ နေရာ စသဖြင့် ရှိခဲ့ကြပါတယ်။ တသီး ပုဂ္ဂလက အမတ် ၅ ယောက်လည်း ရှိပါတယ်။

မေး။ ဝန်ကြီးချုပ်ကို ဘယ်လို ရွေးသလဲ။

ဖြေ။ ရွေးကောက်ပွဲ ကျင်းပပြီး နောက်တစ်ရက် မဲဆန္နနယ် ၅ဝ ရာခိုင်နှုန်းကျော်ကို အနိုင်ရတဲ့ ပါတီက ခေါင်းဆောင်ကို ဘုရင်မကြီးက ဖိတ်ခေါ်ပြီး ဝန်ကြီးချုပ် တာဝန်ယူဖို့ကို အမိန့်တော် ရှိပါတယ်။ အဲဒီမှာ ပါတီခေါင်းဆောင်က လက်ခံတယ် ဆိုရင် သူက ဝန်ကြီးချုပ် ဖြစ်ပါပြီ။ နောက် ဝန်ကြီးချုပ် အိမ် အမှတ် ၁၀ ဒေါင်နင်း လမ်း အိမ်ကို ရွှေ့လို့ရပါပြီ။

မေး။ ဝန်ကြီးချုပ် လုပ်မယ့်သူရဲ့ပါတီ ခေါင်းဆောင်က သူ့ ပြိုင်တဲ့ နယ်မှာ ရှုံးနေရင် ဘယ်လို လုပ်မလဲ။

ဖြေ။ သူက တခြား တစ်ယောက်ကို သူ့အစား ယာယီ ခေါင်းဆောင်လုပ်ဖို တစ်ယောတ်ကို လွှဲပေးရပါမယ်။ ဘုရင်မကြီးက အဲဒီလူကို ဘက်ကင်ဟမ် နန်းတော်ကို ဖိတ်ပြီး ဝန်ကြီးချုပ် တာဝန် ယူနိုင်ခြင်း ရှိမရှိ မိန့်ပါတယ်။ တာဝန် ယူနိုင်ရင်တော့ အနိုင်ရ ပါတီဟာ ခေါင်းဆောင်သစ် ပြန်ရွေးပါလိမ့်မယ်။

မေး။ ဘယ်ပါတီ ကမှ ၅၀ ရာခိုင်နှုန်းကျော် မနိုင်ရင် ဘယ်လို လုပ်မလဲ။

ဖြေ။ ဘယ်ပါတီ ကမှ ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော် မနိုင်ရင် နည်းနည်းတော့ ရှုပ်သွားနိုင်ပါတယ် အများစု အနိုင်ရတဲ့ပါတီ ကတော့ ၅ဝ ရာခိုင်နှုန်းကျော် ဖြစ်အောင်၊ အစိုးရ ဖွဲ့နိုင်အောင့် ကြိုးစားပါလိမ့်မယ်။ တခြား အနိုင်ရတဲ့ ပါတီငယ်လေးတွေနဲ့ ပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒီနေရာမှာ အစိုးရ နေရာအတွက် အပေးအယူ ကမ်းလှမ်းတာမျိုးတွေ ရှိပါလိမ့်မယ်။ ဝန်ကြီးချုပ် တာဝန်ယူမယ့် သူကလည်း အစိုးရကို အဲဒီ ပါတီတွေက အယုံကြည်မရှိ အဆို မတင်ဖို့လည်း သဘောထား ညိနှိုင်းတာတွေ ရှိပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ