အီဂျစ် သမ္မတဟောင်း မော်စီကို ထောင် နှစ် ၂၀ ချမှတ်

ဓာတ်ပုံ မူပိုင် epa
Image caption သမ္မတဟောင်း မော်စီ နဲ့အတူ မွတ်ဆလင် ညီနောင်များ အဖွဲ့က ခေါင်းဆောင်တွေလည်း ထောင် နှစ် ၂၀ ချမှတ်ခံရ။

ဆန္ဒပြသူတွေကို ဖမ်းဆီး နှိပ်စက်မှုတွေ ပြုလုပ်ဖို့ စေခိုင်းခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီကို ထောင်ဒဏ် နှစ် ၂၀ ချမှတ် လိုက်ပါတယ်။

မိုဟာမက် မော်စီ သမ္မတ ရာထူးကနေ ဖြုတ်ချ ခံရပြီး နောက်ပိုင်း သူ ရင်ဆိုင် နေရတဲ့ တရား စွဲဆိုခံရမှု အများအပြားအထဲမှာ ဒီအမှုက တစ်ခု အပါအဝင် ဖြစ်ပြီး ပထမဆုံး ပြစ်ဒဏ် ချမှတ် ခံရတာလည်း ဖြစ်ပါတယ်။

မော်စီ လက်ထက် ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ကန့်ကွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွား ခဲ့ပြီးနောက် စစ်တပ်က သူ့ကို ဖြုတ်ချ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း မော်စီ့ကို ထောက်ခံတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို အီဂျစ် အရာရှိတွေက နှိပ်ကွပ်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထောင်ပေါင်း များစွာကို ဖမ်းဆီး ခဲ့ပါတယ်။

ဒီစွဲချက်နဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချခံရသူ နောက်ထပ် ၁၄ ယောက် ရှိပြီး၊ ဆန္ဒပြသူတွေကို သတ်ဖို့ ညွှန်ကြားခဲ့တယ် ဆိုတဲ့၊ သေဒဏ်အထိ ချမှတ် ခံရနိုင်တဲ့ စွဲဆိုချက် ကိုတော့ သူတို့အားလုံး လွတ်မြောက် ခဲ့ပါတယ်။

အဲဒီသူတွေထဲက အများစုကလည်း ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံခဲ့ရပြီး မော်စီရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ကတော့ သူတို့ အယူခံ ဝင်သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ