နစ် ကလက်ဂ် ကိုယ်ရေး အကျဉ်း

  • 21 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူကေမှာ တတိယ အကြီးဆုံး ဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ခေါင်းဆောင် နစ် ကလက်ဂ်။

နစ် ကလက်ဂ် ဟာ သူ့ပါတီ လစ်ဘရယ် ဒီမိုကရက်ထက် ပိုကြီးတဲ့ ပြိုင်ဖက် ပါတီကြီး နှစ်ခုနဲ့ မတူ ခြားနားတာတွေကို ဆောင်ကြဉ်း ပေးမယ် ဆိုတဲ့ ကတိနဲ့ ဒုတိယ ဝန်ကြီးချုပ် အဖြစ် အစိုးရ အဖွဲ့ထဲ ပါဝင်ခဲ့သူ ဖြစ်ပြီး၊ အခုလည်းပဲ အဲဒီလို ဆက်လက် ပြောဆိုနေဆဲ ဖြစ်ပါတယ်။

နစ် ကလက်ဂ်ကို နိုင်ငံတကာ ဝါဒ ရှိသူလို့ ထင်ကြရတဲ့ အကြောင်းက သူ့ရဲ့ ငယ်ဘဝနဲ့ ပညာရေးကြောင့် ဖြစ်ပါတယ်။ သူ့ကို ဒတ်ချ်လူမျိုး မိခင်နဲ့ အင်္ဂလိပ်လူမျိုး ဖခင်တို့က မွေးဖွားခဲ့ပြီး၊ ကိန်းဘရစ်ချ်မှာ ပညာသင် ခဲ့ပြီးနောက် ဘရပ်ဆဲလ်မှာ ရှိတဲ့ ဥရောပ ကောလိပ်ကို တက်ရောက် ခဲ့ပါတယ်။

သူဟာ ဂျာနယ်လစ် အဖြစ် ခဏတာ လုပ်ကိုင် ခဲ့ပြီးနောက် ဥရောပ ကော်မရှင်နာ လီယွန် ဘရစ်တန် ဆီမှာ အမှုထမ်း ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ ဒီမိုကရက် ပါတီရဲ့ ဥရောပ ပါလီမန် အမတ် တစ်ယောက် အဖြစ် ရွေးကောက် ခံရပါတယ်။ သက်တမ်း တစ်ကြိမ် ပြည့်တဲ့ အခါ ဆက် မလုပ်တော့ဘဲ ၂၀၀၅ ခုနှစ်မှာ ရှက်ဖီး ဟော်လမ် မဲဆန္ဒနယ် ကနေ ကိုယ်စားလှယ် အဖြစ် ဝင်အရွေးခံခဲ့ပြီး လွှတ်တော် အမတ် ဖြစ်လာပါတယ်။

ပါတီ ခေါင်းဆောင် ဆာ မန်ဇီးစ် ကမ့်ဘဲလ် လက်အောက်မှာ နစ် ကလက်ဂ်က နိုင်ငံခြားရေးနဲ့ ပြည်ထဲရေး ဆိုင်ရာ လစ်ဘရယ် ဒီမိုကရက်ရဲ့ ပြောခွင့်ရသူ အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ ဆာ မန်ဇီးစ် နှုတ်ထွက် ခဲ့ပြီးနောက် ခေါင်းဆောင် ရွေးပွဲမှာ မစ္စတာ ကလက်ဂ် အနိုင်ရခဲ့ပြီး လစ်ဘရယ် ဒီမိုကရက်ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။

နစ် ကလက်ဂ်ဟာ စီးပွားရေးမှာ လစ်ဘရယ် အမြင် ရှိသူလို့ အများက မြင်ကြတဲ့အတွက် မခိုင်မာတဲ့ ကွန်ဆာဗေးတစ် မဲဆန္ဒရှင်တွေကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် မဲဆွယ် ကာလမှာ နစ်ကလက်ဂ်က သူ့ပြိုင်ဖက် အစဉ်အလာ ပါတီကြီး နှစ်ခု ဖြစ်တဲ့ လေဘာနဲ့ ကွန်ဆာဗေးတစ် တို့နဲ့ မတူ ကွဲပြားတာတွေကို ဆောင်ကြဉ်း ပေးမယ်လို့ ပြောပြီး မဲဆွယ် ခဲ့ပါတယ်။

ဒါပေမယ့် သူ့ကို တကယ် ထင်ပေါ်စေခဲ့တဲ့ အခိုက်အတံ့ ကတော့ ၂၀၁၀ မှာ လုပ်ခဲ့တဲ့ ပါတီ ခေါင်းဆောင် တွေရဲ့ စကား စစ်ထိုးပွဲ ဖြစ်ပြီး အဲဒီမှာ ဂေါ်ဒန် ဘရောင်းနဲ့ ဒေးဗစ် ကင်မရွန်းတို့ နှစ်ဦးစလုံးက ‘နစ် ပြောတာ ကျွန်တော် လက်ခံတယ်’ ဆိုတဲ့ စကားကို တစ်ကြိမ်မက ပြောခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေ ထွက်လာတော့ အမတ်နေရာ ၅၇ နေရာ ရပြီး တတိယ နေရာမှာ ရှိခဲ့ကာ ထိပ်ဆုံးက ကွန်ဆာဗေးတစ် ကလည်း နေရာ တစ်ဝက်ကျော် မရခဲ့တဲ့ အတွက် ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ဖြစ်လာခဲ့ ပါတယ်။

၆ ရက်ကြာ ဆွေးနွေး ညှိနှိုင်းမှုတွေ အပြီးမှာတော့ ဒေးဗစ် ကင်မရွန်းက ဝန်ကြီးချုပ်၊ နစ် ကလက်ဂ်က ဒုတိယ ဝန်ကြီးချုပ် အဖြစ်နဲ့ ညွန့်ပေါင်း အစိုးရ တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။

ဒီလို ပူးပေါင်းမှုကြောင့် ပါတီကို လက်ယာဘက် ယိမ်းသွား စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့တာကြောင့် အဲဒီလို ညွှန့်ပေါင်း အစိုးရထဲ ပါလာခဲ့မှုကို လစ်ဘရယ် ဒီမိုကရက် ပါတီဝင်တွေ အားလုံးက အောင်ပွဲခံ ကြိုဆို ခဲ့ကြတာတော့ မဟုတ်ပါဘူး။

တစ်ခါ လစ်ဘရယ် ဒီမိုကရက် ပါတီ အတိုက်အခံ အဖြစ် ရှိနေစဉ်က အခမဲ့ ပညာ သင်ကြားရေး ပေါ်လစီ အတွက် ရပ်တည် စွဲကိုင် ထားခဲ့ပေမယ့် အစိုးရ အဖွဲ့ထဲ ပါလာပြီး နောက်မှာတော့ ပညာသင် စရိတ် ကောက်ခံမှုကို ထောက်ခံ ခဲ့တာကြောင့် နစ် ကလက်ဂ်ဟာ အဲဒီလို ပေါ်လစီပိုင်း သစ္စာဖောက်မှုရဲ့ အဓိက လက်သည်ပါ ဖြစ်သွားခဲ့ပါတယ်။

အဲဒီလို နိုင်ငံရေး အရ ထိုးနှက်ချက်တွေ ကြုံတွေ့ ခဲ့ရပေမယ့် အခု ၂၀၁၅ ရွေးကောက်ပွဲကြို မဲဆွယ်ရာမှာလည်း နစ်ကလက်ဂ်ရဲ့ ပြောဆိုမှုတွေက လွန်ခဲ့တဲ့ ၅ နှစ်က အတိုင်း မပြောင်းမလဲ ရှိနေဆဲပါ။

သူ့အနေနဲ့တော့ လေဘာ ပါတီဟာ စီးပွားရေးမှာ စိတ်ချလို့ မရဘူး ဆိုတဲ့ အစဉ်အလာ၊ ကွန်ဆာဗေးတစ်ရဲ့ အသုံးအဖြုန်း ကြီးမှုက ပိုဆိုးပေမယ့် လစ်ဘရယ် ဒီမိုကရက်က ထိန်းချုပ် နိုင်ခဲ့တယ် ဆိုတဲ့ အတွေ့အကြုံတွေကို ဆက်လက် စွဲကိုင်သွားဖို့ ရှိသလို၊ သူ့ပါတီရဲ့ အားကောင်းတဲ့ စည်းရုံးရေး ကွန်ရက်တွေကိုလည်း အားကိုးသွားဖွယ် ရှိပါတယ်။

အနာဂတ်မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ရမယ့် အခြေအနေ ထပ်ကြုံ လာတဲ့အခါ ဒီမိုကရက် ပါတီ အနေနဲ့ ညှိနှိုင်း ခံရမယ့် အနေအထားမှာ ဆက်ရှိ နေမလား ဆိုတာနဲ့ မစ္စတာ ကလက် ကိုယ်တိုင်တောင်မှ လွှတ်တော်မှာ ဆက်ရှိ နေနိုင်ပါ့မလား ဆိုတာတွေကို စောင့်ကြည့်ရဖို့ ရှိပါတယ်။