နိုင်ဂျယ် ဖယ်ရာ့ဂျ် ကိုယ်ရေး အကျဉ်း

  • 21 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ယူကေ လွတ်လပ်ရေး ပါတီရဲ့ ခေါင်းဆောင် နိုင်ဂျယ် ဖယ်ရာ့ဂျ်။

အစဉ်အလာ ဖွဲ့စည်း တည်ရှိမှုတွေကို ဆန့်ကျင် သွားမယ်လို့ ဆိုတဲ့ ရှေးရိုးစွဲဝါဒီ နိုင်ဂျယ် ဖယ်ရာ့ဂျ် ဟာ ယူကေ လွတ်လပ်ရေး ပါတီ (ယူကစ်ပ်) ကို သူတို့ရဲ့ အအောင်မြင်ဆုံး ဖြစ်မယ့် ရွေးကောက်ပွဲဆီကို ဆွဲတင် ဦးဆောင် ပေးနေပါတယ်။

နိုင်ဂျယ် ဖယ်ရာ့ဂျ်ဟာ လန်ဒန် တောင်ပိုင်းက ပုဂ္ဂလိက ကောလိပ်ကျောင်း တစ်ခုမှာ တက်ခဲ့ပြီးနောက် တက္ကသိုလ် ဆက်မတက်ဖို့ ဆုံးဖြတ်ကာ ကုန်စည် ပွဲစား အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူဟာ ကျောင်းသားဘဝကတည်းက ကွန်ဆာဗေးတစ် ပါတီဝင် ဖြစ်ခဲ့ပေမယ့် ၁၉၉၃ ခုနှစ်မှာ ဝန်ကြီးချုပ် ဂျွန်မေဂျာက ဥရောပ သမဂ္ဂ ဖွဲ့စည်းတဲ့ စာချုပ် Maastricht Treaty ကို ချုပ်ဆိုခဲ့ချိန်မှာ မကျေနပ်တဲ့အတွက် ပါတီကနေ ထွက်ခဲ့ပါတယ်။

မစ္စတာ ဖယ်ရာ့ဂျ်ဟာ ယူကေ လွတ်လပ်ရေး ပါတီရဲ့ စတင် ထူထောင်သူတွေထဲ တစ်ဦး အပါအဝင် ဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ယူကစ်ရဲ့ ဥရောပ ပါလီမန် အမတ်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်မှာ ပါတီခေါင်းဆောင် အဖြစ် တင်မြှောက် ခံခဲ့ရပြီး၊ ၂၀၀၉ ခုနှစ်မှာတော့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်အရွေးခံဖို့ ပါတီ ခေါင်းဆောင် နေရာကနေ ခေတ္တ အနားယူခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ နေ့မှာပဲ လေယာဉ် မတော်တဆမှုမှာ ဒဏ်ရာ ရခဲ့ပါတယ်။

၂၀၁၀ မှာ ယူကစ် ပါတီ ခေါင်းဆောင် အဖြစ် ပြန်အရွေးခံရပါတယ်။

အဲဒီနောက်မှာတော့ ယူကစ် ပါတီရဲ့ အအောင်မြင်ဆုံး ကာလတွေ စတင်ခဲ့ပါတယ်။ ယူကစ်ဟာ ဗြိတိသျှ ပါတီတွေထဲက ဥရောပ ပါလီမန် အမတ် အများဆုံး ရှိတဲ့ ပါတီ ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဥရောပ ပါလီမန် အမတ် ၂၄ ယောက် အထိ ရှိလာပါတယ်။

ကွန်ဆာဗေးတစ် ပါတီဝင် ပါလီမန် အမတ် ၂ ဦးကလည်း ယူကစ် ပါတီကို ဘက်ပြောင်း လာခဲ့ပြီးနောက် ပြန်လည် ရွေးကောက် ခံရတဲ့အတွက် ယူကစ် ပါတီက လွှတ်တော် အမတ် ၂ ဦး ပိုင်ဆိုင် လာခဲ့ပါတယ်။

အဲဒီလို သူ့ပါတီ အောင်မြင်မှုတွေ ရလာခဲ့ပေမယ့် မစ္စတာ ဖယ်ရာ့ဂျ် ကတော့ ယူကေမှာ အငြင်းပွားဖွယ် အဖြစ်ဆုံး၊ ပေါ်ပြူလာ အဖြစ်ဆုံး နိုင်ငံရေးသမား တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ဗြောင်ကျတဲ့ ပြောဆိုမှု၊ အီးယူထဲက ပါဝါရှိသူတွေကို ဆန့်ကျင် ရင်ဆိုင်မှု၊ သူ့ကို ထောက်ခံသူတွေနဲ့ ဘီယာဆိုင်မှာ စကားဖောင်ဖွဲ့မှု စတာတွေကို အကြိုက် တွေ့သူတွေလည်း အများအပြား ရှိပါတယ်။

၂၀၁၃ မှာ လုပ်ခဲ့တဲ့ ၉ ရက်ကြာ အများပြည်သူနဲ့ တွေ့ဆုံပွဲ၊ ကလက်တန် မဲဆန္ဒနယ် ရွေးကောက်ပွဲ နေ့က ဘီယာဘားတွေမှာ လှည့်လည် စကားပြောမှု၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဟာမန်း ဗန် ရွမ်းပူရ် Herman Van Rompuy ကို ပုတ်ခတ် ပြောဆိုမှု စတာတွေကြောင့် ဖယ်ရာ့ဂျ်ကို အစဉ်အလာ တည်ရှိမှုတွေကို ဆန့်ကျင်သူ အဖြစ် အများက မြင်လာကြပါတယ်။

ယူကစ် ပါတီဝင် အချို့နဲ့ သူ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အချို့ကတော့ မစ္စတာ ဖယ်ရာ့ဂျ်ကို အာဏာရှင် ဆန်တဲ့ ခေါင်းဆောင် အဖြစ် စွပ်စွဲ ကြပါတယ်။

ဒါပေမယ့် မစ္စတာ ဖယ်ရာ့ဂျ် အနေနဲ့ ယူကစ် ပါတီအတွက် ရေရှည် အကျိုးရှိမယ့် ရွေးကောက်ပွဲနဲ့ အခုလို နီးကပ်လာချိန်မှာ သူ့ကို အပုပ်ချသူတွေကို သိပ် ဂရုစိုက်နေမယ့် ပုံတော့ မရှိပါဘူး။

သူဟာ Thanet South မဲဆန္ဒနယ်ကနေ အမတ် နေရာ ဝင်အရွေးခံဖို့ ရှိနေသလို တခြား နယ်တွေက ဝင်ပြိုင်မယ့် ယူကစ် ကိုယ်စားလှယ်တွေလည်း ရွေးကောက် ခံရနိုင်ခြေ ရှိနေပါတယ်။ အမတ် အသစ်တွေ ရွေးကောက် ခံခဲ့ရရင်တော့ ယူကစ် အတွက် သမိုင်းဝင် အောင်မြင်မှု ဖြစ်လာမှာပါ။

Thanet South နယ်မှာ မနိုင်ခဲ့ရင် ဖယ်ရာ့ဂျ်က ခေါင်းဆောင် အဖြစ်က နုတ်ထွက်မယ်လို့ ပြောထားပေမယ့် သူ့ပါတီကတော့ သူ လွှတ်တော်ထဲ ရောက်သည် ဖြစ်စေ၊ မရောက်သည် ဖြစ်စေ ရွေးကောက်ပွဲလွန် ကာလ ညှိနှိုင်းမှုတွေ ကြုံလာချိန်မှာ သူ့ကို လိုအပ်ကောင်း လိုအပ်မှာ ဖြစ်ပါတယ်။