ထိုင်းမှာ ဆင်စွယ်ပိုင်သူတွေနဲ့ ရောင်းဝယ်သူတွေ မှတ်ပုံတင်ဖို့ရက် ပြီးဆုံး

  • 22 ဧပြီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption အာဖရိကက လာတဲ့ ဆင်စွယ် အများစုနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက လာတဲ့ ဆင်စွယ်တွေ ထိုင်းနိုင်ငံကတဆင့် တရုတ်ကို တင်ပို့နေ

ထိုင်းနိုင်ငံမှာ ဆင်စွယ် တရားမဝင် ရောင်းဝယ်မှု ပိတ်ပင်နိုင်ရေး အတွက် ဆင်စွယ် လက်ဝယ် ပိုင်ဆိုင်ထားသူတွေနဲ့ ဆင်စွယ် အရောင်းအဝယ် လုပ်တဲ့ ဆိုင်တွေ အားလုံး မှတ်ပုံတင်ကြဖို့ ရက် ၉၀ သတ်မှတ်ပေးခဲ့တာ ဧပြီလ ၂၁ရက် မနေ့တုန်းက နောက်ဆုံးနေ့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

အာဖရိကက လာတဲ့ ဆင်စွယ် အများစုနဲ့ မြန်မာနိုင်ငံတို့လို အိမ်နီးနားချင်းနိုင်ငံက လာတဲ့ ဆင်စွယ်တွေဟာ ထိုင်းနိုင်ငံက တဆင့် တရုတ်နိုင်ငံကို တင်ပို့နေတာ ရှိသလို ထိုင်းနိုင်ငံအတွင်း မှာလည်း အလှဆင် အသုံးပြုနေတာကြောင့် ဆင်စွယ် မှောင်ခိုလုပ်ငန်းကို ထိုင်းနိုင်ငံက အားပေးနေသလို လက်ညှိုးထိုး ခံနေရပါတယ်။

ဆင်စွယ် လက်ဝယ် ပိုင်ဆိုင်ထားတဲ့သူတွေကို အပြီးသတ် မှတ်ပုံတင်ခိုင်းပြီးမှ ဆင်စွယ် မှောင်ခိုလုပ်ငန်းကို ထိန်းချုပ်နိုင်မယ် ဆိုပြီး ဆင်စွယ် ပိုင်ဆိုင်သူတွေနဲ့ ဆင်စွယ် အရောင်းအဝယ် ဆိုင်တွေကို ထိုင်းအစိုးရက ဥပဒေ ထုတ်ပြီး မှတ်ပုံတင်ခိုင်းတာ ဖြစ်ပါတယ်။

လက်စွပ် လက်ကောက်တို့လို အလှဆင်တဲ့ ပစ္စည်း အငယ်စား ၄ ခု အထက် ပိုင်ဆိုင်သူတွေက မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ဘုရား ဆင်းတုတော် အပါအဝင် ဆင်စွယ် အချောင်းလိုက် ကတော့ မှတ်ပုံမတင် မနေရ ဖြစ်ပါတယ်။

ဆင်စွယ်နဲ့ ပတ်သက်ပြီး သာမန် ပိုင်ဆိုင်သူတွေက မှတ်ပုံမတင်ခဲ့ရင် ဒဏ်ငွေ ဘတ်၃သန်း အထိ သတ်မှတ်ထားပြီး အရောင်းအဝယ် လုပ်တဲ့ ဆိုင်တွေဆိုရင် ဒဏ်ငွေ ဘတ် ၆ သန်း ဒါမှမဟုတ် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖေါ်ပြထားပါတယ်။

ဆင်မိတ်ဆွေများ ဖေါင်ဒေးရှင်း အထွေထွေ အတွင်းရေးမှူး စိုရိုင်းဒါ စာလါ့ဝါးလားက ဆင်စွယ်နဲ့ ပတ်သက်ပြီး မှတ်ပုံတင်ဖို့ မသိသူတွေ ရှိနိုင်တာကြောင့် အရေးယူမှုတွေ ဖြစ်လာမှာကို စိုးရိမ်မိကြောင်း၊ဒါပေမယ့်လည်း အခုလို အရေးယူမှုတွေ လုပ်လာမယ် ဆိုရင် ဆင်စွယ် အရောင်းအဝယ်လည်း လျှော့နည်းသွားနိုင်မှာ ဖြစ်ပြီး အာဖရိက ဆင်တွေ တစ်နှစ်ကို သောင်းနဲ့ချီပြီးသတ်ဖြတ်ခံနေရတာရော၊ မြန်မာနိုင်ငံတို့လို အိမ်နီးနားနိုင်ငံက ဆင်သတ်ဖြတ်မှုတွေလည်း လျှော့နည်းသွားနိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၂၁ရက် မနေ့ မနက်ပိုင်းအထိ ဆင်စွယ် မှတ်ပုံတင်သူ ၂ သောင်းကျော်ရှိပြီး အလေးချိန် အားဖြင့် တန်ချိန် ၁၅၀ ကျော်ရှိတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေအရ သိရပါတယ်။

တရားဝင် ကိန်းဂဏန်း စာရင်းတွေကို ထိုင်းသစ်တော ဦးစီးဌာနက ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိပါ တယ်။