ရုရှား စွမ်းအင် ကုမ္ပဏီ Gazprom ကို အီးယူ စွဲချက်တင်

ဓာတ်ပုံ မူပိုင် Reuters
Image caption Gazprom က စျေးကွက် ပြိုင်ဆိုင်မှု ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ အီးယူ ကော်မရှင်နာက ပြော။

ရုရှား စွမ်းအင် ကုမ္ပဏီကြီး Gazprom ဟာ ဥရောပ စွမ်းအင် စျေးကွက်မှာ လွတ်လွတ် လပ်လပ် စျေးကွက် ယှဉ်ပြိုင်လို့ မရအောင် ပြုမူ ဆောင်ရွက် ခဲ့တယ်လို့ ဥရောပ သမဂ္ဂ ကော်မရှင်က တရားဝင် စွဲချက် တင်လိုက်ပါတယ်။

Gazprom ကုမ္ပဏီဟာ စျေးကွက်မှာ လွှမ်းမိုး ထားနိုင်မှုကို အခွင့်ကောင်း ယူပြီး ဥရောပ အရှေ့ပိုင်း၅ နိုင်ငံမှာ မတရား စျေးတင်ခဲ့တဲ့ အပြင် တခြား သုံးနိုင်ငံမှာလည်း စျေးကွက် ယှဉ်ပြိုင်မှုတွေကို ဟန့်တား ခဲ့တယ်လို့ အီးယူရဲ့ စျေးကွက် ယှဉ်ပြိုင်ရေးဆိုင်ရာ ကော်မရှင်နာ Margrethe Vestager က ပြောပါတယ်။

Gazprom ကုမ္ပဏီ ကတော့ ဒီစွပ်စွဲချက် တွေဟာ အခြေ အမြစ် မရှိဘူးလို့ ပြောသလို ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ကလည်း ဒီ စွပ်စွဲချက်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

အခုလို အီးယူရဲ့ စွဲချက်တွေကို ဥပဒေအရ ချေပဖို့ Gazprom အနေနဲ့ အချိန် ၃ လ ရတယ်လို့ ဆိုပါတယ်။

အခု ကိစ္စဟာ ယူကရိန်း အရေးကြောင့် အမည်းစက် ထင်နေတဲ့ အီးယူနဲ့ ရုရှား ဆက်ဆံရေးကို ပိုမို ဆိုးရွား သွားစေနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ