ရွေးကောက်ပွဲ အဆိုပြုချက် ဟောင်ကောင် ထုတ်ဖော်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်ဆင် အဆိုပြုချက်ကို ကြေညာစဉ် ဥပဒေ အရာရှိ အချို့က ကန့်ကွက် ဆန္ဒပြခဲ့ကြ။

ဟောင်ကောင်မှာ လာမယ့် ၂၀၁၇ ခုနှစ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ အတွက် အဆိုပြုချက် တွေကို ဟောင်ကောင် အစိုးရက ထုတ်ဖော် လိုက်ပြီး အဲဒီ အချက်တွေ ထဲမှာ ဒီမိုကရေစီ လိုလားသူတွေရဲ့ တောင်းဆိုချက် တွေကို လိုက်လျော ထားခြင်း မရှိဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ရွေးကောက်ရာမှာ ဆောင်ရွက်မယ့် နည်းစနစ် တွေမှာ ဒီမိုကရေစီ နည်းလမ်း ပိုကျဖို့နဲ့ အချိန်ယူ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ဖို့ ဆန္ဒပြသူတွေက လမ်းမတွေပေါ် ထွက်ပြီး တောင်းဆို ခဲ့ကြပေမယ့် အခု ဟောင်ကောင် အစိုးရက ချပြလိုက်တဲ့ ပြင်ဆင် အဆိုပြုချက် မှာတော့ မနှစ်က တရုတ် အစိုးရ ချပြ ခဲ့တာတွေနဲ့ ထူးမခြားနား ဖြစ်နေပါတယ်။

ဟောင်ကောင် ပြည်သူတွေ အနေနဲ့ အုပ်ချုပ်ရေးမှူး လောင်းတွေကို မဲပေး ရွေးချယ် နိုင်မှာ ဖြစ်ပေမယ့် အဲဒီ အုပ်ချုပ်ရေးမှူး နေရာ ဝင်အရွေးခံမယ့် သူတွေကိုတော့ ဘေဂျင်း လိုလားတဲ့ ကော်မီတီက အရင်ဆုံး အတည်ပြု ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

ဥပဒေပြု ကောင်စီ ခန်းမမှာ ဒီ အဆိုပြုချက်ကို ကြေညာစဉ် ဒီမိုကရေစီ လိုလားသူ ဥပဒေ အရာရှိ အချို့က ကန့်ကွက် ဆန္ဒ ပြခဲ့ပြီး ခန်းမထဲကနေ ထွက်ခွာ ခဲ့ကြပါတယ်။

အခု ချပြလိုက်တဲ့ ပြင်ဆင် အဆိုပြုချက်ကို အခုနှစ် နှောင်းပိုင်းမှာ ဟောင်ကောင် မြို့တော် ညီလာခံမှာ မဲပေး အတည်ပြုမှာ ဖြစ်ပါတယ်။

ဟောင်ကောင်ကို အပြည့်အဝ ထိန်းချုပ်ထားတဲ့ တရုတ် အစိုးရ ကတော့ ဒီ ရွေးကောက်ပွဲ အစီအစဉ်တွေဟာ ယုတ္တိဆန်ပြီး လက်တွေ့ကျတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ