ယီမင် မှာဆော်ဒီက စစ်ဆင်ရေး ရပ်ဆိုင်းလိုက်

  • 22 ဧပြီ 2015
_yemen_air_strike_304x171 ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်မှာ လေကြောင်းစစ်ဆင်ရေး ရပ်ဆိုင်း

ဆော်ဒီ အစိုးရ ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေ ဟာ ယီမင် နိုင်ငံထဲ မှာ ခြေကုတ်ယူ တိုက်ပွဲ ဆင်နေတဲ့ ဟူသီ သူပုန်တွေ ရဲ့ ပစ်မှတ်တွေ ကို ချေမှုန်း နိုင်ပြီ ဖြစ်လို့ စစ်ဆင်ရေး တွေ ရပ်နားမယ် ဆိုတဲ့ အကြောင်း ကို ဘီဘီစီ သတင်းထောက် အယ်လင်ဂျွန်စတင် က ပေးပို့လိုက်ပါတယ်။

အခုဆိုရင် ဟူသီသူပုန်တွေ ဟာ ယီမင်ပြည်သူ တွေ ကို ခြိမ်းခြောက်နိုင်တဲ့ အဆင့် မှာ မရှိတော့ အောင် ပြိုလဲသွားတဲ့ အကြောင်း ဆော်ဒီ စစ်ဘက်ဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ် အာမက် အဆီရီ က ပြောပါတယ်။ စစ်တပ် ရဲ့ ရည်ရွယ်ချက်တွေ ဟာ စနစ်တကျ စစ်ရေး အစီအမံတွေ ကြောင့် အောင်မြင် ထိရောက် ခဲ့ တဲ့ အကြောင်း၊ စစ်လေယာဉ်မှူးတွေ၊ ရေတပ်စစ်သည်တွေ၊ ကြည်းတပ် စစ်သား တွေ ဟာ တိကျတဲ့ စစ်ဆင်ရေးတွေ ကို ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်တွေ နဲ့ ဟူသီသူပုန် တွေ ကို ခြေမှုန်း နိုင်ခဲ့ လို့ အခုတော့ စစ်ဆင်ရေး အသစ် အဖြစ် ယီမင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တွေ ကို ဆောင်ရွက်တော့ မှာပါ လို့ ပြောတာပါ။

ဒါပေမဲ့ စစ်ဆင်ရေးတွေ ကို လျှော့ချ တဲ့ အဆင့် လို့လည်း ပြောပါတယ်။ ဆော်ဒီ ဘက် က အခုလို ပြောပေမဲ့ သူပုန်တွေ သိသိသာသာ တပ်ရုပ်သိမ်း တဲ့ အနေအထား တော့ မတွေ့ရသေးဘူး လို့ လေ့လာ အကဲခတ် တွေ က ပြောပါတယ်။ ဟူသီသူပုန် တွေ ဟာ သူတို့ရဲ့ ခြေကုတ် စခန်းဖြစ်တဲ့ ယီမင် မြောက်ပိုင်းမှာ လှုပ်ရှား နေသလို တောင်ပိုင်း က အေဒင်ဆိပ်ကမ်း မြို့ မှာလည်း ရှိနေဆဲပါ။

နိုင်ငံရေး အရ ပါဝင်ပတ်သက်မှု ဆိုရင်လည်း အီရန် က ရှားမွတ်ဆလင် နိုင်ငံ တခု ကို အာရပ်ကမ္ဘာ မှာ ထူထောင်နိုင်ဖို့ ဟူသီသူပုန်တွေ ကို ကျောထောက် နောက်ခံ ပြုနေတယ် လို့ ဆော်ဒီ သတင်းရပ်ကွက် က ဆိုပါတယ်။ အီရန် ကတော့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ လက်နက် ထောက်ပံ့တဲ့ လက္ခဏာ တော့ ရှိပါတယ်။

အမေရိကန် ဘက်ကလည်း ဟူသီသူပုန် တွေရှိရာ ကို လေကြောင်းစစ်ဆင်ရေး ပြုရာမှာ စရိတ်စက တက်တာ ကို ပူပန် လာသလို၊ အရပ်သားတွေ ဗုံးဒဏ်ကြောင့် သေဆုံး ရတာကိုလည်း တာဝန်မကင်း သလို ခံစားနေရပါတယ်။ ယီမင်နိုင်ငံတွင်း ဖရိုဖရဲ ဖြစ်နေလေ၊ အယ်လ်ကိုင်ဒါ က သူ့သြဇာ လွှမ်းမိုးနိုင်အောင် စည်းရုံးဘွယ်လည်း ရှိနေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျယ်ရမီ ဘိုဝင် က သုံးသပ် တင်ပြပါတယ်။